
ရော်နယ်ဒိုနေရာကို ယာအိုဖိလစ် ဆက်ခံမည်ဟု တီကိုနည်းပြဟောင်း သုံးသပ်
အိုဆာဆူနာနှင့် အက်သလက်တီကို နည်းပြဟောင်း ဟာဗီးယားအဂွီရေးက အက်သလက်တီကို တိုက်စစ်မှူး ယာအိုဖိလစ်သည် ပေါ်တူဂီ ဂန္ထဝင်တိုက်စစ်မှူး ရော်နယ်ဒို၏ နေရာကို ဆက်ခံမည့်သူဖြစ်ကြောင်း သုံးသပ်သည်။
အသက် ၂၀ အရွယ် ယာအိုဖိလစ်သည် ၂၀၁၉ ဇူလိုင်တွင် ဘင်ဖီကာမှ မက်ဒရစ်အခြေစိုက် ကလပ်သို့ ယူရို ၁၂၇ သန်းဖြင့် ပြောင်းရွှေ့ခဲ့ပြီး ဘောလုံးလောက၏ စတုတ္ထမြောက် ဈေးအကြီးဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
ဘာစီလိုနာသို့ ပြောင်းရွှေ့သွားသော ဂရစ်ဇ်မန်း၏ ကျောနံပါတ် ၇ ကို ဆက်ခံကာ အက်သလက်တီကို သမိုင်းတစ်လျှောက် ဈေးအကြီးဆုံး ကစားသမား ဖြစ်လာသော ယာအိုဖိလစ်သည် လာလီဂါသို့ စတင်ရောက်ရှိသည့် နှစ်မှာပင် အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရသည်။
ပေါ်တူဂီလက်ရွေးစင် ၎င်းသည် ယမန်နှစ်ရာသီက လာလီဂါ ၂၇ ပွဲတွင် ၆ ဂိုးသာ သွင်းနိုင်ခဲ့သလို ပြိုင်ပွဲစုံ ၃၆ ပွဲတွင် ၉ ဂိုးသာ သွင်းနိုင်ခဲ့သောကြောင့် ပေးရသည့် ပြောင်းရွှေ့ကြေးနှင့် ထိုက်တန်မှု မရှိသူအဖြစ် ဝေဖန်ခံခဲ့ရသည်။
သို့သော်လည်း အိုဆာဆူနာ၊ အက်သလက်တီကို၊ မက္ကဆီကို၊ ဇာရာဂိုဇာ၊ အက်စပန်ညို၊ ဂျပန် စသည့် နိုင်ငံနှင့် ကလပ်ပေါင်းများစွာကို ကိုင်တွယ်ဖူးသော အသက် ၆၁ နှစ်အရွယ် မက္ကဆီကန်လူမျိုး အဂွီရေးက ယာအိုဖိလစ်သည် ပေါ်တူဂီ၏ ဘောလုံးဘုရင် ဖြစ်လာမည်ဟု ဆိုသည်။
အဂွီရေးက “ယာအိုဖိလစ်အတွက် မိုးကောင်းကင်က အကန့်အသတ်ရှိပါတယ်။ သူက နည်းပြကောင်းတွေနဲ့ ဆက်ဆံခဲ့ရတယ်။ အခုထိလည်း နည်းပြ ကောင်းတွေကပဲ သူ့ကို ဝန်းရံထားကြတယ်။ သူက ခရစ္စတီယာနို ရော်နယ်ဒိုရဲ့နေရာကိုဆက်ခံဖို့ ပြည့်စုံကောင်းမွန်တဲ့ လမ်းကြောင်းပေါ် ရှိနေပါတယ်” ဟု ဆိုသည်။
ရော်နယ်ဒိုသည် နိုင်ငံတကာ ၁၆၇ ပွဲတွင် ၁၀၁ ဂိုးသွင်းကာ ပေါ်တူဂီအသင်း၏ ထာဝရ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်နေသော်လည်း ယာအိုဖိလစ်ကမူ ပေါ်တူဂီ အသင်းအတွက် ၁၀ ပွဲတွင် ၁ ဂိုးသာ သွင်းယူထားနိုင်သည်။
Ref:ElMundo