ရော်နယ်ဒိုထက် မက်ဆီက ပိုကောင်းပြီး ဒီဘာလာ နေရာပြန်ရလာမည်ဟု ခရက်စပို သုံးသပ်

အာဂျင်တီးနား တိုက်စစ်မှူးဟောင်း ဟာနန်ခရက်စပိုက လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကစားသမား နှစ်ဦးဖြစ်သည့် ရော်နယ်ဒိုနှင့် မက်ဆီတို့အနက် မက်ဆီကို ပိုကြိုက်ပြီး ဂျူဗ်တပ်စ်တွင် ပုံမှန်ပွဲကစားခွင့် ပျောက်ဆုံးနေသော တိုက်စစ်မှူး ဒီဘာလာအနေဖြင့်လည်း မကြာမီ နေရာပြန်ရလာမည်ဟု ယုံကြည်ကြောင်း ပြောသည်။

ရေးဗားပလိတ်၊ ပါးမား၊ လာဇီယို၊ အင်တာမီလန်၊ ချဲလ်ဆီး၊ အေစီမီလန်စသည့် ထိပ်တန်း ကလပ်များစွာတွင် ကစားဖူးသော အသက် ၄၅ နှစ်အရွယ် ခရက်စပိုက မိမိနှင့် ဂျူဗီနည်းပြ ပီယာလိုတို့သည် ဆက်ဆံရေးကောင်းရှိပြီး အာဂျင်တီးနား လက်ရွေးစင် ဒီဘာလာသည် ဒဏ်ရာကြောင့်သာ ပွဲကစားခွင့် နည်းပါးနေခြင်းသာဖြစ်ကြောင်း ပြောသည်။

အသက် ၂၆ နှစ်အရွယ် ဒီဘာလာသည် ယခုရာသီတွင် စီးရီးအေ တစ်ပွဲမှ မကစားရသေးဘဲ ဒိုင်နမိုက်ဗ်နှင့် ချန်ပီယံလိဂ်တစ်ပွဲသာ ကစားထားရသည်။

အဆိုပါပွဲတွင်လည်း ပထမ ၁၁ ယောက်စာရင်းမှ ကစားခွင့်မရဘဲ ဒုတိယပိုင်း ၅၆ မိနစ်ကျမှသာ ကူလူဆက်ဗ်စကီးအစား လူစားဝင်ခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။

ပီယာလိုသည် ရော်နယ်ဒို မကစားနိုင်ချိန်တွင် မိုရာတာကိုသာ ဦးစားပေးအဖြစ် အသုံးပြုနေသောကြောင့် ဒီဘာလာက တူရင်တွင် ပျော်ရွှင်ခြင်းမရှိတော့ဟု သတင်းများ ထွက်ပေါ်နေသည်။

အာဂျင်တီးနားအတွက် ၆၄ ပွဲတွင် ၃၅ ဂိုး သွင်းယူထားသော ခရက်စပိုက ဘာစီလိုနာတွင် မက်ဆီ ကြုံနေရသည့် အခြေအနေများအတွက် စိတ်မကောင်း ဖြစ်မိသော်လည်း မကြာမီ ၎င်းနှင့်ကလပ်ကြား ကောင်းမွန်သည့် ဆက်ဆံမှုမျိုး ပြန်ရလာမည်ဟု ဆိုသည်။

ထို့အပြင် ၎င်းက ဂျူဗီ-ဘာစီလိုနာပွဲကို စောင့်ကြည့်နေပြီး ရော်နယ်ဒို မပါနိုင်လျှင်လည်း မက်ဆီကိုသာ ရွေးချယ်မည်ဟု ပြောသည်။

“ပီယာလိုနဲ့ ကျွန်တော် အတူတွဲကစားဖူးပြီး သူက လူကောင်းတစ်ယောက်ပါ။ နက်စတာနဲ့ သူ အတူနေတဲ့ အ ခန်းကိုသွားပြီး ကျွန်တော်က အမြဲနှောင့်ယှက်နေကျပါ။ ကျွန်တော်တို့ ပျော်ရွှင်စရာအချိန်တွေကို ဖြတ်သန်းခဲ့ဖူးတယ်။

ဒီဘာလာရဲ့ပါရမီက မကြာခင် ပြန်လည်တောက်ပလာမှာပါ။ သူက ထိပ်တန်းအသင်းတစ်သင်းရဲ့ကစားသမားကောင်းတစ်ယောက်ဆိုတာ အကြိမ်ပေါင်းများစွာ သက်သေပြပြီးပါပြီ” ဟု ခရက်စပိုက ပြောသည်။

Ref:corrierredellosport

Facebook Comments Box
Facebook Comment