ရော်နယ်ဒိုကို ဂိုးပေါက်ပျောက်အောင် ဆက်လုပ်နိုင်ခဲ့၍ ပြင်သစ်နည်းပြဒက်ချမ့်ကျေနပ်

ပြင်သစ်နည်းပြဒီဒီယာဒက်ချမ့်က ပေါ်တူဂီနှင့် ဂိုးမရှိသရေကျသည့်ပွဲတွင် ခရစ္စတီယာနိုရော်နယ်ဒိုအား လှုပ်မရအောင် ထိန်းချုပ်နိုင်ခဲ့ခြင်း အပေါ် ကျေနပ်ကြောင်း ပြောကြားလိုက်သည်။

ရော်နယ်ဒိုသည် ပြင်သစ်နှင့် ဂိုးမရှိသရေကျသည့်ပွဲတွင် မိနစ် ၉၀ အတွင်း သုံးကြိမ်ကန်ခွင့် ရရှိခဲ့ပြီး ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိချေ။ တနင်္ဂနွေညတုန်းက ပွဲတွင်လည်း ဂိုးမသွင်းနိုင်ခဲ့ခြင်းကြောင့် ခရစ္စတီယာနိုရော်နယ်ဒိုသည် ကစားသမားဘဝတစ်လျှောက် ပြင်သစ်နှင့် ငါးကြိမ်ရင်ဆိုင်ခဲ့ရာတွင် တစ်ကြိမ်မျှ ဂိုးမသွင်းနိုင်သည့် မှတ်တမ်းဆိုးကို ဆက်လက်ထိန်းသွားခဲ့ရသည်။

ပေါ်တူဂီသည် လွန်ခဲ့သည့် လေးရက်တုန်းက စပိန်နှင့် ခြေစမ်းပွဲတွင်လည်း ဂိုးမရှိ သရေကျခဲ့သည်။ ၎င်းတို့သည် ပြင်သစ်နှင့် ဂိုးမရှိသရေကျခဲ့သော်လည်း Nations League အုပ်စုအတွင်းတွင် ဂိုးကွာခြားချက်ဖြင့် ထိပ်ဆုံးမှ ရပ်တည်နေဆဲ ဖြစ်သည်။

ပြင်သစ်မှာ ပေါ်တူဂီနှင့်ပွဲမတိုင်မီ ၂ ပွဲဆက် ဂိုးပေးခဲ့ရသည့်အသင်းဖြစ်ပြီး ပေါ်တူဂီ၏ ကောင်းမွန်သည့် တိုက်စစ်ကို ဂိုးမပေးရအောင် ထိန်းချုပ်ထားနိုင်ခဲ့၍ ဒက်ချမ့်မှာ ကျေနပ်နေသည်။

ဒက်ချမ့်က “ကျွန်တော်တို့က အမြဲတမ်း ပိုကောင်းအောင် လုပ်နိုင်တဲ့ အသင်းပါ။ ပြိုင်ဘက်မှာလည်း ရော်နယ်ဒိုလို လေးစားဖို့ကောင်းတဲ့ ကစားသမားတွေ ရှိပါတယ်။ ဒီညမှာတော့ သူ့ကို များများစားစား မတွေ့ခဲ့ရပါဘူး။ တစ်ခါတစ်လေ ကျွန်တော့်အသင်း ရွှေ့လျားပုံ သိပ်မကောင်းပါဘူး။ တစ်ခါတစ်လေ ဘောလုံးပေးပို့တာ နောက်ကျတယ်။ ခံစစ်ပိုင်းနဲ့ အလယ်တန်းပိုင်းတော့ ကောင်းခဲ့ပါတယ်။ တကယ်လို့ အလွတ်တည်ကန်ဘောတွေ ရခဲ့မယ်ဆိုရင် ကျွန်တော်တို့ အနိုင်တောင် ရနိုင်ပါတယ်”ဟု ပြောကြားခဲ့သည်။

ပြင်သစ်သည် အောက်တိုဘာလ ၁၅ ရက်နေ့တွင် ခရိုအေးရှားကို အဝေးကွင်းသို့ သွားရောက် ရင်ဆိုင်ရမည် ဖြစ်သည်။

Facebook Comments Box
Facebook Comment