ရော်နယ်ဒိုကို ကျော်ဖြတ်ကာ ဘရာဇီးသမိုင်းတွင် ဒုတိယဂိုးအများဆုံး သွင်းယူသူ ဖြစ်လာသည့် နေမာ

နေမာသည် ယနေ့ နံနက်ပိုင်းတုန်းက ပီရူးကို ၄-၂ ဖြင့် အနိုင်ရရှိသည့် ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီးနောက် ဂန္ထဝင်တိုက်စစ်မှူး ရော်နယ်ဒိုကို ကျော်ဖြတ်ကာ ဘရာဇီးသမိုင်းတွင် ဒုတိယဂိုးအများဆုံးသွင်းယူသူ ဖြစ်လာကြောင်း သိရသည်။

ပီအက်စ်ဂျီတိုက်စစ်မှူးသည် ပီရူးနှင့်ပွဲတွင် ပင်နယ်တီမှ နှစ်ဂိုးသွင်းခဲ့ပြီး ဟက်ထရစ်ဂိုးကို ပွဲပြီးခါနီး နာကျင်အချိန်ပိုတွင် ပိတ်သွင်းယူခဲ့ခြင်းဖြစ်သည်။

အသက် ၂၈ နှစ်ရှိ နေမာသည် ဘရာဇီးအတွက် ၁၀၃ ပွဲတွင် ၆၃ ဂိုးဖြင့် ရော်နယ်ဒို၏ ဒုတိယသွင်းဂိုးအများဆုံးနေရာကို ရယူနိုင်ခဲ့သည်။

ရော်နယ်ဒိုသည် ဘရာဇီးအတွက် ၉၈ ပွဲကစားကာ ၆၂ ဂိုးဖြင့် ဘရာဇီးသမိုင်းတွင် တတိယဂိုးအများဆုံး သွင်းယူသည့် နေရာသို့ ဆင်းပေးခဲ့ရသည်။ ဘရာဇီးအတွက် အသက် ၁၇ နှစ် အရွယ်ကတည်းက ရွေးချယ်ခံခဲ့ရသည့် ရော်နယ်ဒိုသည် ဘရာဇီးနှင့်အတူ ကမ္ဘာ့ဖလား ၂ ကြိမ်၊ ကိုပါအမေရိက ၂ ကြိမ်နှင့် တိုက်ကြီးများဖလား ၁ ကြိမ် ဆွတ်ခူးထားနိုင်သည်။

လက်ရှိအချိန်တွင် ဘရာဇီးဂန္ထဝင်တိုက်စစ်မှူးပီလီက ၇၇ ဂိုးဖြင့် ဘရာဇီးသမိုင်းတွင် ဂိုးအများဆုံး သွင်းယူသူအဖြစ် ရပ်တည်နေသည်။ နေမာသည် ပီလီ၏ စံချိန်ကို လိုက်မီရန် ၁၄ ဂိုး လိုအပ်နေသေးသည်။ နေမာအနေဖြင့် ပီလီစံချိန်ကို လိုက်မီရန် အချိန်များစွာ လိုအပ်နေသေးသော်လည်း တစ်ချိန်တွင် စံချိန်သစ် ရေးထိုးလာနိုင်ရန် သေချာသလောက် ရှိနေသည်။

Facebook Comments Box
Facebook Comment