
ရေပန်းစား လူပြောများနေတဲ့ ဘီယဲလ်ဆာ လက်ထဲက လိဒ်စ်
ထွန်းထွန်းဦး(လှိုင်)
အဲ့ဒီမှာ စတွေ့တော့တာပါပဲ။
၄-၁-၄-၁ တဲ့ …
စနစ်တကျနဲ့ကို ကစားပြသွားတယ်။
အဲ့ဒါကတော့ လိဒ်စ်ယူနိုက်တက်ပါပဲ။
လီဗာပူးလ်ကို တိုက်ပုံများ တော်တော်လေးကို အားရကျေနပ်စရာ ကောင်းခဲ့တယ်။
လီဗာပူးလ်အတွက် မထင်မှတ်တဲ့ တုံ့ပြန်ပုံတစ်ခုအောက်မှာ လိဒ်စ်ကိုအနိုင်ရဖို့ ခက်ခက်ခဲခဲနဲ့ ကစားခဲ့ရတယ်။

ပြန်ကြည့်ရင် လီဗာပူးလ်ရခဲ့တဲ့ ဂိုး ၄ လုံးထဲမှာ သူတို့ ကိုယ်ပိုင်ဟန်နဲ့ရခဲ့တဲ့ ဂိုးတွေ တစ်လုံးမှ မပါခဲ့ဘူး။ ပင်နယ်တီ ၂ လုံးအပါအဝင် ဧရိယာထဲကနေပြီး ဆာလာရဲ့အစွမ်းနဲ့ တစ်ဖက်အမှားကို စောင့်ပြီး ရလာတဲ့ဘောလုံးကို အပိုင်ကန်သွင်းသွားတာပဲ ရှိတယ်။
ဘာပဲပြောပြော ပရီးမီးယားလိဂ် လက်ရှိချန်ပီယံအနေနဲ့ တန်းတက်ချန်ပီယံအသင်းတစ်သင်းကို မျက်ကလူးဆံပြာ အနေအထားနဲ့ ကစားပြသွားရတဲ့ပုံစံက ဟန်ကို မဟန်တာပါ။
ပထမပိုင်းမှာတင် အပြန်အလှန်သွင်းဂိုး ၃-၂ တဲ့၊ အံအားသင့်ဖွယ်ရာပါပဲ။ လိဒ်စ်က နောက်ကနေလိုက်ကစားပြီး ဂိုးတွေ ပြန်လိုက်သွင်းတာ သိပ်အားရဖို့ကောင်းခဲ့တယ်။
လီဗာပူးလ် မကောင်းဘူးလားဆိုတော့ အဲ့ဒီလိုမျိုးမဟုတ်ဘူး။ လီဗာပူးလ်လည်း ကောင်းတာပဲ။ တစ်ချက်ရှိတာက အထာမသိတဲ့ပုံစံနဲ့ ရင်ဆိုင်ရတဲ့ အနီးကပ် နည်းစနစ်နဲ့ ၄-၁-၄-၁ အနေအထားက လူပြောများခဲ့တယ် ဆိုတာပါပဲ။
တိုက်စစ်ဆိုရင် ၅ ယောက် ၊ ခံစစ်ဆိုရင် ၅ ယောက် သူ့ဟာနဲ့သူ ဟုတ်နေတာပါပဲ၊ လိစ်ဒ် ကစားသမားတွေ အတော်လေးကို ပင်ပန်းတယ်။
နည်းပြချုပ် ဘီယဲလ်ဆာက ဘေးကနေပြီး ပွဲအပေါ်မှာ အားလုံးကို လိုက်ဖတ်နေတာ အတော်လေးကို အားရဖို့ကောင်းတယ်။ လီဗာပူလ်းနည်းပြဖြစ်သူ ကလော့ပ်တောင် ပြာယာခတ်နေရပြီး သူ့အသင်းသားတွေ လိဒ်စ် တိုးတာကို လိုက်ထိန်းချုပ်နိုင်ဖို့အတွက် ပြာပြာသလဲလဲနဲ့အော်ဟစ်နေကြရတယ်ဆိုတာ တွေ့ရမယ်။
လီဗာပူးလ် တစ်ဂိုးသွင်းသွားလိုက် လိဒ်စ်က နောက်ကနေပြီး ဖိအားပေးကစားရင်း လိုက်သွင်းသွားလိုက်နဲ့ ဟုတ်နေတာပါပဲ။ အပြိုင်အဆိုင်နဲ့ကို ဘောလုံးရသ တကယ်ပေးခဲ့တဲ့ ပရီးမီးယားလိဂ်အဖွင့် ဖြစ်ခဲ့တယ်။
အခွင့်အရေး ၂ ခါရတယ်။ ချေပဂိုး ၂ လုံး ကို ကောက်ခါငင်ခါနဲ့ သွင်းပြသွားတယ်။
လီဗာပူးလ် ခံစစ်သမားတွေကြားထဲကို နောက်ကနေပြီး တိုက်ရိုက်ကန်ပို့ပေးခဲ့တဲ့ ဘောလုံးတွေက အားလုံး ကြောက်စရာကောင်းလောက်အောင် ဖြစ်ခဲ့တယ်။ လီဗာပူးလ် ခံစစ်သမားအမှားတွေ၊ အားနည်းချက်တွေကို ချောင်းပြီး ရလာတဲ့ အခွင့်အရေးလေး တစ်ချက်ကို ထိထိမိမိနဲ့ ယူပြ ကန်သွင်းခဲ့တာတွေဟာ လိဒ်စ်ကို ပရိသတ် အချစ်ပိုစေတဲ့ အနေအထားဖြစ်တယ်ဆိုတာပါပဲ။
နောက်ဆုံးအချိန်အထိ ညှစ်တယ်။ ကုန်ရင် လူစားလဲတယ်၊ ဝင်လာတဲ့သူတွေကလည်း တစ်ပုံစံတည်းပဲ ၊ အရာမယွင်းဘူး။
လိဒ်စ်ရဲ့ ပုံစံဘောင်ထဲမှာ ဘီယဲလ်ဆာ သင်ထားတဲ့အတိုင်းပဲ။ အားလုံး အတူတူဖြစ်နေတယ်။ ဒါတောင် ရှုံးခဲ့တာက ပင်နယ်တီပေးရလို့ ရှုံးရတာပါ၊ သရေနဲ့များ ပွဲသိမ်းရင် ဘယ်လောက်အထိ ပြောစရာဖြစ်မလဲဆိုတာ တွေးမကြည့်ရဲဘူး။

သဘောကျမိတာက ရတဲ့အခွင့်အရေးကို လုံး၀ အဆုံးရှုံးမခံတဲ့ တိုက်စစ်သမားတွေရဲ့ ကန်ချက်တွေပါပဲ။ အဲ့ဒါလေးတွေက ကြိုးစားမှုရဲ့ ရလဒ်နဲ့တန်ဖိုးကို တန်းတက် ချန်ပီယံအသင်း တစ်သင်းမှာ ရှားရှားပါးပါး ပါလာတဲ့ မှတ်သားစရာတွေထဲက တစ်ခုဖြစ်နေစေတယ်။
ဘယ်လိုပဲဖြစ်ဖြစ် အခုအချိန်အခါမှာတော့ တန်းတက်ကလပ်ဖြစ်တဲ့ လိဒ်စ်နဲ့ ဘီယဲလ်ဆာ ပရိသတ်ပေးတဲ့အမှတ်နဲ့ ပရီးမီးယားမှာ အောင်မှတ်ရသွားပြီ။
တစ်ပွဲတိုးပဲဖြစ်ဖြစ်၊ စိတ်ဓာတ်နဲ့ ရုန်းတာပဲဖြစ်ဖြစ်၊ လီဗာပူးလို ပြိုင်ဘက်တွေ မနှစ်တုန်းက အလဲထိုးလို့ တော်တော်မရခဲ့တဲ့ အသင်းမျိုးကို အခွင့်အရေး ၂ ခါရတယ်။ ၂ ဂိုးသွင်းပြီး မာကျောတဲ့ခံစစ်ကို လွယ်လွယ်လေး ဖောက်ပြသွားတာ လူပြောများတယ်။
အတွေ့အကြုံနဲ့ ကစားသမားတွေရဲ့ ပွဲတိုးမှု နည်းပါးတဲ့ဒဏ်ကြောင့် ထင်သလို ထပ်မံမတက် လာပေမယ့် ဘေးကနေပြီး အစာကို သုတ်တော့မယ့် စွန်ရဲမျက်လုံးလို ပွဲကို သေချာ စောင့်ကြောင့်ထိုင်ပြီး တွက်ဆနေတဲ့ ဘီယဲလ်ဆာကတော့ သူ့လူတွေကို ပွဲမဝင်ခင်တည်းက စနစ်တကျနဲ့ ပြိုင်ဘက်တွေရဲ့ အားသာချက်၊ အားနည်းချက်များကို မရမကနဲ့ ပိတ်ဆို့ထားခိုင်းပြီး တိုက်စစ်နဲ့ မြန်မြန်သွားဖို့ လုပ်ထားပေးတာ ထိရောက်တယ်။

ဘာပဲဖြစ်ဖြစ် လိဒ်စ်ကတော့ သူတို့ မာနကို ပရီးမီးယားမှာ တံခွန်ထူခဲ့တယ်။ နောက်ပွဲတွေမှာ လည်း ဘီယဲလ်ဆာရဲ့ ၄-၁-၄-၁ ကြီးက အလုပ်ဖြစ်လာဦးမလား၊ အဲ့ဒါကြည့်ရမယ်။
ကစားသမားတွေထဲမှာ လူသိနည်းတဲ့သူတွေ များတယ်။ ခေါ်ယူထားတာတွေကလည်း လူသိများတဲ့ ကြယ်တွေနည်းတယ်။ ကစားအားကောင်းတဲ့သူတွေကို ဦးစားပေးခေါ်ထားပြီး စုစုစည်းစည်းနဲ့ သင်ကြားထားသလို ကစားနိုင်မယ့်သူတွေကို စုထားတဲ့ အတိုင်းပါပဲ။
တိုက်စစ်ကို အစုလိုက်အပြုံလိုက် လိုက်ပါတယ်။ ကြုံတဲ့သူက ကန်သွင်းတယ်။ နောက်က ကန်တင်ပေးတဲ့သူနဲ့ ရှေ့က တိုက်စစ်သွားမယ့်သူတွေ အားလုံး ချိန်သားကိုက်တယ်။
တစ်ခါက လက်စတာလိုမျိုးပေါ့။ ရိုးရာက ရှေးဟောင်း စနစ်တစ်ခုအောက်မှာပဲ ရှိတယ်။ မော်ဒန်ဘောလုံးလောကထဲမှာ ရှင်သန်နိုင်အောင် ပုံစံနည်းနည်းပြောင်းထားတယ်။ ဒါပါပဲ။
ခံစစ်မှာလည်း သူ့ဇုန်တွေနဲ့သူ ပိတ်ထားတယ်။ ကြုံတဲ့သူက ဝင်ဖြည့်ပေးပဲ။ ခံစစ်လည်း ၄ ယောက်တန်းတန်းကြီးပဲ။
ဒါပေမဲ့ လူတိုင်းမှာ တာဝန်ကိုယ်စီရှိတယ်။ ကိုယ့် မာကင် ကိုယ်ယူ၊ မလွတ်စေရဘူး။ သွားတဲ့နောက် လိုက်တယ်။ လွတ်ရင် ဝင်ဖြည့်ပေးမယ့် ဇုန်တွေထဲက လူတွေက အသင့်ရှိတယ်။
ခံစစ်ဖျက်တာတောင် ကြမ်းကြမ်းတမ်းတမ်း ဝင်ဖျက်တယ်ဆိုတာထက် လူကာပြီး ဘောလုံးအသားပေး ဖျက်ထုတ်တာတွေများတယ်။ သဘောကတော့ ပါးနပ်တယ်ပေါ့။
ဆာလာတို့ လောနေတဲ့ အရှိန်နဲ့ ဂိုးမရတဲ့အခါမှာ လိဒ်စ်ရဲ့ကစားအားက ပိုပိုတက်လာပြီး ဂိုး မပေးရဖို့ ကာကွယ်မှုတွေ လုပ်နေရတယ်။
တကယ်တော့ လိဒ်စ်က သာမန်အသင်းတစ်သင်းထက် မပိုပါဘူး။ ဂိုးသမား ကောင်းလားဆိုတော့ ပုံမှန်ပါပဲ၊ ခံစစ်တန်းကရော သာမန်ပါပဲ။

ပထမတန်း ချန်ပီယံရှစ်အသင်း။ ချန်ပီယံအသင်းတစ်သင်းမှာ ပါလာတာ စိတ်ဓာတ်ပဲရှိတယ်။ စိတ်ဓာတ်မြှင့်တင်ရေးကို ပုံစံမျိုးစုံနဲ့ လုပ်ပေးထားနိုင်တဲ့ ဘီယဲလ်ဆာရဲ့ အစွမ်းကိုက ကြီးနေခဲ့တာပါ။
ဒီတစ်ပွဲတော့ ပရိသတ်အကြိုက် အသဲဘဝင်ခိုက်သွားတယ်။ နောက်ထပ်လာမယ့်ပွဲတွေမှာလည်း အဲ့ဒီဘဝင်တွေကို စွဲအောင်လို့ လိဒ်စ်လုပ်ပြနိုင်မလား။
ကြားထဲမှာ ဟားလ်စီးတီးနဲ့ လိဂ်ဖလားပွဲနွှဲရမယ်(ကန်ပြီး)။ ပြီးရင် စက်တင်ဘာလထဲမှာ ဖူလ်ဟမ်၊ ရှက်ဖီးယူနိုက်တက်တို့နဲ့ ကစားရမယ်။ အောက်တိုဘာလရောက်တော့မှ မန်စီးတီးနဲ့ ပရီးမီးယားမှာ အသင်းကြီး၊ အသင်းကောင်းနဲ့ပြန်ဆုံရမယ်။
ဘယ်လိုပဲဖြစ်ဖြစ် လိဒ်စ်အတွက်တော့ အခြားပွဲတွေထက်စာရင် ပရီးမီးယားမှာ တန်းတင်ကျန်ရစ်စေဖို့ အာရုံစိုက်မယ်ထင်တယ်။
ဘီယဲလ်ဆာကလည်း သူပြောနိုင်ဆိုနိုင်တဲ့သူတွေနဲ့ စုစည်းထားတဲ့အသင်းဖြစ်လို့ ဖိအားကင်းကင်းနဲ့ တန်းတက်လာတဲ့ EFL ချန်ပီယံဟာ ဒီတစ်ခါမှာတော့ မှတ်ကျောက်တင်ခံရမယ့် အရေးနဲ့ထပ်တိုးဖို့ ဒီရာသီ ပရီးမီးယားလိဂ်မှာ စောင့်ကြည့်အားပေးရမယ့် အသင်းကောင်းအဖြစ် မွေးထားလို့ ရနိုင်မလားဆိုတာ စိတ်ဝင်စားနေမိတယ်။