ရီးရဲလ်မက်ဒရစ် ဘယ်နောက်ခံလူ ရီဂူလွန်ကို စပါးစ်အသင်း ခေါ်ယူ

စပိန်နောက်ခံလူ ဆာဂျီယိုရီဂူလွန်က ရီးရဲလ်မက်ဒရစ်မှ စပါးစ်သို့ ပြောင်းနိုင်ခဲ့မှုအ တွက် ဝမ်းသာကြောင်း ပြောကြားလိုက်သည်။ အသက် ၂၃ နှစ်ရှိ စပိန်လက်ရွေးစင် နောက်ခံလူသည် ရီးရဲလ်မက်ဒရစ်လူငယ်စီမံကိန်းမှ ထွက်ပေါ်လာခဲ့သူ ဖြစ်ပြီး စပါးစ်နှင့် ငါးနှစ်စာချုပ်ချုပ်ဆိုလိုက်သည်။

သူသည် ပြီးခဲ့သည့် ရာသီတုန်းက ဆီဗီလာသို့ အငှားဖြင့် သွားရောက် ကစားစဉ်အတွင်း ခြေစွမ်းပြ ကစားနိုင်ခဲ့ကာ ယူရိုပါလိဂ်ဖလားရရှိအောင် ကူညီနိုင်ခဲ့သည်။

ရီးရဲလ်မက်ဒရစ်နှင့် စပါးစ်တို့သည် ရီဂူလွန်၏ပြောင်းရွှေ့ကြေးကို ထုတ်ပြန် ကြေညာခဲ့ခြင်း မရှိသော်လည်း ပေါင် ၂၇.၅ သန်းဖြင့် ပြန်လည် ခေါ်ယူနိုင်မည့် အချက်ကို ထည့်သွင်းချု်ပဆိုထားကြောင်း သိရသည်။

မန်ယူသည်လည်း ရီဂူလွန်ကို ခေါ်ယူရန် ကြိုးပမ်းခဲ့သော်လည်း ရီးရဲလ်မက်ဒရစ်က ပြန်လည်ဝယ်ယူနိုင်မည့်အချက်ကို စာချုပ်တွင် ထည့်သွင်းလိုမှုကြောင့် နောက်ဆုတ် သွားခဲ့သည်။

စပါးစ်သည် ဂါရတ်ဘေးလ်နှင့်အတူ ရီဂူလွန်ကို ခေါ်ယူလိုက်ခြင်းလည်း ဖြစ်သည်။

ရီဂူလွန်သည် စပါးစ်တွင် ကျောနံပါတ် ၃ ကို ဝတ်ဆင်ကစားသွားမည်ဖြစ်သည်။

ရီဂူလွန်က ၎င်းမှာ ၂၀၁၀ ခုနှစ်တုန်းက ချန်ပီယံလိဂ်တွင် အင်တာနှင့် စပါးစ်ပွဲတွင် ဂါရတ်ဘေးလ်၏ခြေစွမ်းကို မြင်တွေ့ခဲ့ရာမှာ သူ၏စံပြကစားသမား ဖြစ်လာခဲ့ကြောင်း ပြောကြားလိုက်သည်။

၎င်းက “အင်တာနဲ့ပွဲအပြီးမှာ ဘေးလ်က ကျွန်တော့် စံပြကစားသမား ဖြစ်လာခဲ့ပါတယ်။ အဲဒီပွဲနောက်ပိုင်းမှာ သူကစားတာတွေကို လိုက်ကြည့်ခဲ့တယ်။ YouTube ကနေ သူ့ ဗီဒီယိုတွေ အများကြီးလည်း ကြည့်ခဲ့ပါတယ်။ ကျွန်တော့်က သူ့အမာခံပရိသတ် ဖြစ်လာပါတယ်။ သူ့အဝတ်အစားတွေ၊ သူ့အကြောင်းစာအုပ်တွေ အပါအဝင် သူပါဝင်တဲ့အရာတွေအားလုံး ဝယ်ခဲ့တယ်။ အခု သူနဲ့အတူ ဒီကို ရောက်လာပါပြီ။ သူ့ကို ပျိုးထောင်ခဲ့တဲ့ ကလပ်သို့ သူ ရောက်လာပါပြီ”ဟု ပြောကြားသွားသည်။

ရီဂူလွန်သည် ၂၀၁၈ ခုနှစ်တွင် ရီးရဲလ်မက်ဒရစ်ပထမအသင်းသို့ တက်လှမ်းနိုင်ခဲ့သူ ဖြစ်ပြီး မာဆယ်လို နေရာကို အစားထိုးခံရမည့်သူအဖြစ် သတ်မှတ်ခံထားရသူလည်း ဖြစ်သည်။

သူသည် ပြီးခဲ့သည့် နွေတွင် ဘာနေဗျူးသို့ ဖာလန်းမင်ဒီ ရောက်လာပြီးနောက် ဆီဗီလာသို့ အငှားဖြင့် ထွက်ခွာရန် ဆုံးဖြတ်ခဲ့သည်။ သူသည် ဆီဗီလာတွင် အငှားဖြင့် သွားရောက် ကစားစဉ်အတွင်း ၃ ဂိုးသွင်းပြီး ၅ ကြိမ်ဖန်တီးကာ ဆီဗီလာကို ယူရိုပါလိဂ်ချန်ပီယံနှင့် လာလီဂါတွင် အဆင့် ၄ ရရှိအောင် ကူညီနိုင်ခဲ့သည်။

Facebook Comments Box
Facebook Comment