ရီးရဲလ်မက်ဒရစ်အလယ်တန်းတိုက်စစ်သမားဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို အဲဗာတန် ခေါ်ယူလိုက်နိုင်ပြီ

အဲဗာတန်သည် ရီးရဲလ်မက်ဒရစ်မှ ကိုလံဘီယာလက်ရွေးစင်အလယ်တန်း တိုက်စစ်သမားဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို ပြောင်းရွှေ့ကြေး ပေါင်သန်း ၂၀ ဖြင့် ခေါ်ယူလိုက်နိုင်ပြီ ဖြစ်သည်။

အသက် ၂၉ နှစ်ရှိ ဂျိမ်းစ်ရိုဒရီဂွက်ဇ်သည် အဲဗာတန်နှင့် ၂ နှစ်စာချုပ်ချုပ်ဆိုခဲ့ခြင်း ဖြစ်ပြီး နောက်ထပ် တစ်နှစ်သက်တမ်းတိုးနိုင်သည့်အချက်ကို စာချုပ်အတွင်းတွင် ထည့်သွင်းချုပ်ဆိုထားကြောင်း သိရသည်။

သူသည် ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ရွှေဖိနပ်ဆု ဆွတ်ခူးနိုင်ပြီးနောက် ရီးရဲလ်မက်ဒရစ်သို့ ပြောင်းလာခဲ့သူဖြစ်သည်။

ဂျိမ်းစ်ရိုဒရီဂွက်ဇ်က “ကြီးကျယ်တဲ့ကလပ်၊ သမိုင်းကြောင်းအများကြီးရှိတဲ့ကလပ်၊ ကျွန်တော့်အကြောင်းကို အများကြီးသိတဲ့နည်းပြရှိတဲ့ကလပ်သို့ ပြောင်းခွင့်ရလို့ အများကြီး ဝမ်းသာပါတယ်။ ဒီမှာ အောင်မြင်မှုရယူသွားဖို့ ရည်မှန်းထားပါတယ်။ အားလုံးရည်မှန်းတဲ့အောင်မြင်မှုတွေရယူဖို့ ကြိုးစားသွားပါမယ်။ ဒီကို ကျွန်တော့် ခြေစွမ်းပိုကောင်းလာဖို့၊ တိုးတက်ဖို့အပြင် အသင်းကို ဖျော်ဖြေရေးဆန်တဲ့ ဘောလုံးကစားဟန်နဲ့ ကစားနိုင်အောင်၊ နိုင်ပွဲတွေ ရယူနိုင်အောင် ကူညီဖို့ ရောက်လာတာပါ”ဟု ပြောကြားခဲ့သည်။

ဂျိမ်းစ်ရိုဒရီဂွက်ဇ်သည် ပြီးခဲ့သည့် ရာသီတုန်းက ဇီဒန်းလက်အောက်တွင် ၁၄ ပွဲတည်းသာ ကစားခွင့်ရရှိခဲ့သူဖြစ်ပြီး ရီးရဲလ်မက်ဒရစ်နှင့် တစ်နှစ်စာချုပ်တည်းသာ ကျန်တော့သည့် ကစားသမားလည်း ဖြစ်သည်။

အဲဗာတန်နည်းပြအန်ဆယ်လော့တီသည် ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို သုံးကြိမ်မြောက် ခေါ်ယူခဲ့ခြင်းလည်း ဖြစ်သည်။ အီတလီလူမျိုးနည်းပြသည် ရီးရဲလ်မက်ဒရစ်၊ ဘိုင်ယန်မြူးနစ်တို့ကို ကိုင်တွယ်စဉ်ကလည်း ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို ခေါ်ယူခဲ့သူ ဖြစ်သည်။

အန်ဆယ်လော့တီက “ဂျိမ်းစ်က အားလုံးလည်း သိထားပြီးဖြစ်တဲ့အတိုင်း အရည်အချင်းတွေ အများကြီးရှိပြီး တိုက်စစ်မှူးတွေအတွက် အများကြီး ဖန်တီးပေးနိုင်တဲ့ အရည်အသွေးတွေ ရှိတဲ့ စိတ်လှုပ်ရှားဖို့ကောင်းတဲ့ ကစားသမားတစ်ဦးပါ။ သူဟာ ဒီကလပ်ရဲ့ စီမံကိန်းအပေါ် စိတ်လှုပ်ရှားနေပါတယ်။ ကျွန်တော်တို့ကလည်း ပိုကောင်းအောင် လုပ်ချင်နေတယ်။ သူ့ကို ဒီကို လာဖို့ အများကြီး မဖျောင်းဖျခဲ့ရပါဘူး”ဟု ပြောကြားသွားခဲ့သည်။

အဲဗာတန်သည် ယခုနွေရာသီတွင် နာပိုလီမှ ဘရာဇီးလက်ရွေးစင် ကွင်းလယ်ခံစစ် ကစားသမားအယ်လန်ကို ခေါ်ယူထားပြီး ဖြစ်သလို ဝက်ဖို့ဒ်မှ ပြင်သစ်ကွင်းလယ် ကစားသမားဒူကော်ရီကိုလည်း ခေါ်ယူရန် သဘောတူညီမှုရရှိထားပြီး ဖြစ်သည်။

ရိုဒရီဂွက်ဇ်သည် ရီးရဲလ်မက်ဒရစ်နှင့်အတူ လာလီဂါဖလားနှစ်ကြိမ်၊ ချန်ပီယံလိဂ် ဖလားနှစ်ကြိမ်ဆွတ်ခူးခဲ့ဖူးပြီး ဘိုင်ယန်မြူးနစ်သို့ နှစ်ရာသီအငှားဖြင့် ထွက်ကစားခဲ့ရဖူးသည်။ သူသည် ပြီးခဲ့သည့် နွေတွင် ဘာနေဗျူးသို့ ပြန်ရောက်လာပြီးနောက် လာလီဂါတွင် ၈ ပွဲသာ ကစားရပြီး ၁ ဂိုးတည်းသာ သွင်းထားနိုင်သည်။ သူသည် ရီးရဲလ်မက်ဒရစ်သို့ မပြောင်းမီ ပေါ်တို၊ မိုနာကိုတို့တွင် ကစားစဉ်ကတည်းက ဥရောပတွင် အထိုင်ချလာခဲ့သူဖြစ်ပြီး အသက် ၂၁ နှစ် မပြည့်မီကတည်းက ပေါ်တူဂီအမှတ်ပေးဖလားသုံးကြိမ်ဆက်ဆွတ်ခူးထားနိုင်ခဲ့ပြီး ဖြစ်သလို ၂၀၁၂ ခုနှစ်တုန်းက အသက် ၂၀ နှစ်အရွယ်တွင် ပေါ်တူဂီလိဂ်အကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးကာ အသက်အငယ်ဆုံး ဆွတ်ခူးနိုင်သူအဖြစ် ရေးထိုးနိုင်ခဲ့သည်။ သူသည် ၂၀၁၂ ခုနှစ်တွင် မိုနာကိုသို့ ပေါင် ၃၈.၅ သန်းဖြင့် ပြောင်းပြီးနောက် ၃၈ ပွဲတွင် ၁၀ ဂိုးသွင်းကာ ၁၄ ကြိမ်ဖန်တီးနိုင်ခဲ့သည်။ သူသည် ၂၀၁၄ ကမ္ဘာ့ဖလားတွင် ခြောက်ဂိုးဖြင့် ကမ္ဘာ့ဖလားရွှေဖိနပ်ဆုကို ရရှိပြီးနောက် ရီးရဲလ်မက်ဒရစ်သို့ ပြောင်းခဲ့သည်။

Facebook Comments Box
Facebook Comment