ရီးရဲလ်မက်ဒရစ်တွင် ကစားခွင့် ရရှိရေးမှာ အိပ်မက်တစ်ခုဟု ပေါလ်ပေါ့ဘာ ဖွင့်ဟ

ပေါလ်ပေါ့ဘာက တစ်နေ့တွင် ရီးရဲလ်မက်ဒရစ်သို့ သွားရောက် ကစားခွင့် ရရှိရေးမှာ အိပ်မက်တစ်ခု ဖြစ်ကြောင်း ဖွင့်ဟ ပြောကြားလိုက်သည်။ အခြားတစ်ဖက်မှာ ပြင်သစ်ကွင်းလယ် ကစားသမားသည် မန်ချက်စတာယူနိုက်တက်နှင့် လက်ရှိစာချုပ်အခြေအနေကိုလည်း ဖွင့်ဟပြောကြားသွားသည်။

ပြီးခဲ့သည့် နှစ်များအတွင်းတွင် ပေါလ်ပေါ့ဘာသည် အကောင်းဆုံးပုံစံ ဆက်တိုက် ရရှိရန် ရုန်းကန်ရခြင်း၊ ဒဏ်ရာပြဿနာများနှင့် ကြုံရခြင်းတို့ကြောင့် အနာဂတ်နှင့် ပတ်သက်၍ မေးခွန်းထုတ်စရာများ ရှိနေခဲ့သည်။

သူသည် ၂၀၁၆ ခုနှစ်တွင် စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၈၉ သန်းဖြင့် မန်ချက်စတာယူနိုက်တက်သို့ ပြန်လည် ရောက်လာပြီးနောက် ပြောင်းရွှေ့ကြေးနှင့် ထိုက်တန်သည့် ခြေစွမ်းပြသနိုင်ရန် ရုန်းကန်လာခဲ့ရသူလည်း ဖြစ်သည်။

အသက် ၂၇ နှစ်ရှိ ပေါ့ဘာသည် ၂၀၁၈-၁၉ ရာသီတွင် အကောင်းဆုံးပုံစံ ရရှိရန် ရုန်းကန်ရမှုနှင့်အတူ အားလုံး၏ ဝေဖန်ပြစ်တင်မှုခံခဲ့ရပြီး ၂၀၁၉ ခုနှစ်၊ နွေရာသီတွင် စိန်ခေါ်မှုအသစ် ရှာဖွေရန် ယူနိုက်တက်မှ ထွက်ခွာမည်ဟု သတင်းများ ကျယ်ပြန့်စွာ ထွက်ပေါ်ခဲ့သည်။ သို့ရာတွင် ဆိုးလ်ရှားက ၎င်းကို အသင်းတွင် ဆက်ရှိနေရန် ဖျောင်းဖျနိုင်ခဲ့သည်။

၂၀၁၉-၂၀ ရာသီတုန်းက ပေါလ်ပေါ့ဘာသည် ဒူးဒဏ်ရာကြောင့် အကန့်အသတ်ဖြင့်သာ ပွဲကစားနိုင်ခဲ့သော်လည်း ဇွန်လတွင် ဘောလုံးပွဲများ ပြန်လည် ကစားချိန်တွင် အကောင်းဆုံးခြေစွမ်းဖြင့် ကစားနိုင်ခဲ့ကာ ပရီးမီးယားလိဂ်၌ အဆင့် ၃ နေရာတွင် ရပ်တည်နိုင်အောင် ကူညီနိုင်ခဲ့သည်။ သို့သော် သူသည် ယခုရာသီတွင် ယူနိုက်တက်မှာ သုံးမှတ်တည်းသာ ရရှိထားမှုနှင့် အတူ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရပြန်သည်။ ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းသည် ပေါလ်ပေါ့ဘာကို ခေါ်ယူရန် ဆန္ဒရှိနေဆဲ ဖြစ်ကြောင်း မီဒီယာများက ရေးသားနေကြသည်။

ယခုအခါ ပေါ့ဘာကိုယ်တိုင်က “ပြောဆိုနေကြတာတွေနဲ့ပတ်သက်ပြီး ကြားရပါတယ်။ ကျွန်တော်ကတော့ ဟုတ်တယ်လို့ဘဲ ပြောချင်ပါတယ်။ ဘောလုံးကစားသမားတိုင်း ရီးရဲလ်မက်ဒရစ်မှာ ကစားချင်ကြပါတယ်။ ဒါက အိပ်မက်တစ်ခုပါပဲ။ ကျွန်တော့်အတွက် အိပ်မက်တစ်ခုပါပဲ။ တစ်နေ့ကျရင် မဖြစ်နိုင်ဘူးလို့ ပြောနိုင်လား။ ဒါပေမယ့် အခု မန်ချက်စတာယူနိုက်တက်အတွက် ကစားနေပါတယ်။ ဒီမှာ ပျော်ပါတယ်။ ကလပ်ကို ထိုက်တန်တဲ့နေရာသို့ ရောက်အောင် အစွမ်းကုန် ကြိုးစားပြီး တွန်းပို့ချင်ပါတယ်။ ကျွန်တော့် ကစားသမားဖော်တွေလိုဘဲ အစွမ်းကုန်ပေးဆပ်သွားပါမယ်”ဟု ပြောကြားသွားသည်။

ပြင်သစ်နှင့်အတူ ကမ္ဘာ့ဖလားဆွတ်ခူးထားနိုင်သည့် ပေါ့ဘာသည် မန်ချက်စတာယူနိုက်တက်နှင့် တစ်နှစ်စာချုပ်သာ ကျန်တော့သူ ဖြစ်သည်။ သို့ရာတွင် မန်ချက်စတာယူနိုက်တက်မှာ ပေါ့ဘာကို စာချုပ်သစ် ကမ်းလှမ်းခြင်း မရှိသေးချေ။ မန်ချက်စတာယူနိုက်တက်သည် ပေါ့ဘာ၏ စာချုပ်အတွင်းတွင် တစ်နှစ်သက်တမ်းတိုးနိုင်သည့် အချက်ပါဝင်ရာ စာချုပ်သစ်နှင့်ပတ်သက်၍ အလျှင်စလို ပြုလုပ်ရန် မလိုချေ။

ပေါ့ဘာက “စာချုပ်သစ်ချုပ်ဆိုဖို့ မဆွေးနွေးရသေးပါဘူး။ အခု ကျွန်တော်က မန်ချက်စတာ ယူနိုက်တက် ကစားသမားပါ။ အကောင်းဆုံးခြေစွမ်း ပြန်ရဖို့ဘဲ တွေးနေပါတယ်။ တစ်နေ့ကျရင် ကလပ်က ဆွေးနွေး ကမ်းလှမ်းမှု လုပ်လာမယ်လို့ ထင်ပါတယ်။ အခုတော့ ဘာမှ မဖြစ်လာသေးပါဘူး။ ဒီတော့ စာချုပ်သစ်နဲ့ပတ်သက်ပြီး ဘာမှ ပြောစရာ မရှိသေးပါဘူး” ဟု‌ ပြောကြားခဲ့သည်။

Facebook Comments Box
Facebook Comment