ရီးရဲလ်နဲ့ပွဲတွေမှာ မိနစ် ၄၀၀ ကျော် ဂိုးပေါက်ပျောက်နေမှုကို မက်ဆီ ရပ်တန့်နိုင်မလား

ဘောလုံးလောက၏ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး ပွဲများအနက် တစ်ခုအပါအဝင်ဖြစ်သော ဘာစီလိုနာနှင့် ရီးရဲလ်မက်ဒရစ်တို့ ယှဉ်ပြိုင်ကစားကြမည့် အယ်လ်ကလက်စီကို ပွဲစဉ်ကို အောက်တိုဘာ ၂၄ ရက်၊ ည ၈ နာရီခွဲတွင် ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။

နူးကမ့်တွင်ကစားမည့် အဆိုပါပွဲမှာ ယခုဘောလုံးရာသီ၏ ပထမဆုံးသော အယ်လ်ကလက်စီကို ပွဲစဉ်ဖြစ်ပြီး ယခင်ကဆိုလျှင် အသင်းနှစ်သင်း၏ သမိုင်းကြောင်း၊ မက်ဆီနှင့် ရော်နယ်ဒိုတို့၏ ပြိုင်ဆိုင်မှုများကြောင့် စောင့်ကြည့်ချင်စရာ ကောင်းခဲ့သည်။

ရော်နယ်ဒို ဂျူဗင်တပ်စ်သို့ ပြောင်းရွှေ့သွားပြီးနောက် အယ်လ်ကလက်စီကို ပြိုင်ဆိုင်မှုက အနည်းငယ် အားပျော့သွားသည်ဟု ယူဆနိုင်သော်လည်း မက်ဒရစ်နှင့် ကာတာလန်အခြေစိုက် ကလပ်နှစ်သင်း၏ အစဉ်အဆက် ပြိုင်ဆိုင်မှုများကြောင့် စိတ်ဝင်စားစရာ ကောင်းနေဆဲဖြစ်သည်။

မက်ဆီသည် ဘာစီလိုနာ၏ ထာဝရ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် စံချိန်တင်ထားသော်လည်း ရီးရဲလ်နှင့်ကစားသည့် အယ်လ်ကလက်စီကို ပွဲများတွင် ဂိုးပေါက် ပျောက်ဆုံးနေသည်က ရက်အားဖြင့် ၉၀၀ ရှိသွားပြီ ဖြစ်သည်။

အသက် ၃၃ နှစ်အရွယ် မက်ဆီသည် ၂၀၁၈ ခုနှစ်၊ မေလ ၆ ရက်က ရီးရဲလ်နှင့် ၂ ဂိုးစီ သရေကျသော လာလီဂါပွဲတွင် ဂိုးသွင်းယူပြီးနောက်ပိုင်း ပြည်တွင်း ခါးသီးပြိုင်ဘက် အသင်းဘက်သို့ ဂိုးသွင်းနိုင်ခြင်း မရှိတော့ပေ။

အဆိုပါပွဲအပြီး ကစားထားသော အယ်လ်ကလက်စီကို ၆ ပွဲတွင် မက်ဆီအနေဖြင့် ၁ ပွဲ တွင်သာ မပါဝင်ခဲ့ဘဲ အခြား ၅ ပွဲတွင် ဝင်ရောက်ကစားခဲ့သော်လည်း ဂိုးမသွင်းနိုင်ခဲ့ဘဲ ကစားချိန်အားဖြင့် မိနစ် ၄၄၀ အထိ ကြာမြင့်နေပြီ ဖြစ်သည်။

ထို့ကြောင့် အယ်လ်ကလက်စီကို ပွဲစဉ်များတွင် ရီးရဲလ်ဘက်သို့ ၂၆ ဂိုးသွင်းယူထားသော မက်ဆီအနေဖြင့် ရက်အားဖြင့် ၉၀၀၊ မိနစ်အားဖြင့် ၄၄၀ ရှိသော ဂိုးပေါက်ပျောက်ဆုံးနေမှုကို ချိုးဖျက်နိုင်မလားဆိုသည်က စောင့်ကြည့်ချင်စရာ ကောင်းလွန်းနေသည်။

Ref:Marca

Facebook Comments Box
Facebook Comment