ရီးရဲလ်က မခေါ်ခဲ့၍ ကျေးဇူးတင်သည်ဟု ဘာကာကွင်းလယ်လူ ပက်ဒရီ ဆို

ယခုရာသီတွင် ဘာစီလိုနာအတွက် ၂ ဂိုးသွင်းထားသော ကွင်းလယ်တိုက်စစ် ကစားသမား ပက်ဒရီက ၎င်းအား ခေါ်ယူရန် အခွင့်အရေးရသော်လည်း ပယ်ချခဲ့သည့် ရီးရဲလ်မက်ဒရစ်အား ကျေးဇူးတင်ကြောင်း ပြောကြားလိုက်သည်။

အသက် ၁၇ နှစ်အရွယ် ပက်ဒရီသည် လက်စ်ပါမက်စ် အကယ်ဒမီမှ ထွက်ပေါ်လာသူဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီမစမီ ကာတာလန်အခြေစိုက် ကလပ်သို့ ၅ နှစ်စာချုပ်ဖြင့် ပြောင်းရွှေ့လာခြင်း ဖြစ်သည်။

ဘာစီလိုနာသည် အနာဂတ် အလားအလာကောင်းများ ပိုင်ဆိုင်ထားသော ပက်ဒရီအတွက် ယူရို ၅ သန်းသာ ပေးချေခဲ့ရပြီး ၎င်းသည် လာလီဂါ ၇ ပွဲတွင် ၁ ဂိုးအပါအဝင် ပြိုင်ပွဲစုံ ၁၀ ပွဲ၌ ၂ ဂိုး သွင်းယူထားသည်။

အသက်အရွယ်နှင့် မလိုက်အောင် ခြေစွမ်းကောင်း ထုတ်ပြနေသည့် ပက်ဒရီကို ဘာစီလိုနာအသင်းက ရေရှည်စီမံကိန်းဖြင့် ခေါ်ယူထားခြင်းဖြစ်ပြီး အခြားကလပ်များက ခေါ်ယူခြင်းမရှိစေရေးအတွက် စာချုပ်ဖျက်သိမ်းကြေးအား ယူရို သန်း ၄၀၀ အထိ ထည့်သွင်းထားသည်။

ရီးရဲလ်မက်ဒရစ်သည် စပိန် ယူ-၂၁ လက်ရွေးစင် ပက်ဒရီ ဘာစီလိုနာသို့ မရောက်မီ ခြေစွမ်းစမ်းသပ်ခွင့် ရခဲ့သော်လည်း ၎င်းတို့အသင်း၏ စံသတ်မှတ်ချက်များနှင့် မကိုက်ညီဟု အကြောင်းပြန်ကာ ငြင်းပယ်ခဲ့သည်။

“ကျွန်တော် ခြေစွမ်းစမ်းသပ်ခံဖို့ ရီးရဲလ်မက်ဒရစ်ကို သွားခဲ့တယ်။ ဒါပေမဲ့ သူတို့က ကျွန်တော့်ကို မင်းက ငါတို့သတ်မှတ်ထားတဲ့ အဆင့်တစ်ခု မရှိဘူးလို့ ပြောခဲ့တယ်။ ကျွန်တော့်ကို အဆင့်မရှိ မထိုက်တန်ဘူးလို့ ပြောခဲ့တဲ့ ရီးရဲလ်က တာဝန်ရှိသူတစ်ယောက်ကို ကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်။

လက်ရှိအချိန်မှာတော့ ကျွန်တော်ဟာ ဘာစီလိုနာမှာ အမြဲတမ်း ပျော်ရွှင်နေပါတယ်။ အခြား ကလေးငယ်တွေလိုပဲ မက်ဆီနဲ့ တွဲကစားခွင့်ရဖို့ဆိုတာက ကျွန်တော့်ရဲ့အိပ်မက်တစ်ခုဆိုတာ အမှန်ပါပဲ” ဟု ပက်ဒရီက ပြောသည်။

Ref:cadena SER

Facebook Comments Box
Facebook Comment