ရီးရဲလ်ကွင်းလယ်လူဗယ်ဗာဒီ ခြေထောက်ရိုးကျိုးဒဏ်ရာရရှိ

ရီးရဲလ်မက်ဒရစ်သည် ကွင်းလယ်ကစားသမားဖီဒီရီကိုဗယ်ဗာဒီမှာ‌ ခြေထောက်ရိုး ကျိုးဒဏ်ရာရရှိသွား၍ ကာလအတိုင်းအတာတစ်ခုအထိ ဆုံးရှုံးရတော့မည် ဖြစ်သည်။ ဗယ်ဗာဒီသည် တနင်္ဂနွေနေ့တုန်းက ဗလင်စီယာအား ၄-၁ ဂိုးဖြင့် ရှုံးနိမ့်သည့်ပွဲတွင် ပွဲချိန် ၇၆ မိနစ်၌ တိုနီခရူးစ်နှင့် လူစားလဲခြင်း ခံခဲ့ရသည်။

ယင်းပွဲစဉ်တွင် ရီးရဲလ်မက်ဒရစ်သည် ဘန်ဇီးမား၏ ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ပင်နယ်တီ သုံးလုံးပေးခဲ့ရသည့်အပြင် ဗာရိန်း၏ ကိုယ့်ဂိုးကိုယ်သွင်းသည့်ဂိုးကြောင့် ၄-၁ ဖြင့် ရှုံးနိမ့်ခဲ့သည်။ ကားလို့စ်ဆိုလာသည် ၂၁ ရာစုအတွင်း လာလီဂါတစ်ပွဲတည်းတွင် ဟက်ထရစ်သွင်းနိုင်သည့် ကစားသမား ဖြစ်လာခဲ့သည်။

လက်ရှိအချိန်တွင် ရီးရဲလ်မက်ဒရစ်က ဥရုဂွေးကွင်းလယ်ကစားသမားမှာ မည်မျှ အနားယူရမည် ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ထားခြင်း မရှိချေ။

ဗယ်ဗာဒီသည် ညာဖက်ခြေထောက်ရိုးကျိုးဒဏ်ရာကြောင့် ကိုလံဘီယာ၊ ဘရာဇီးတို့နှင့် ရင်ဆိုင်ကစားရမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်များကို လွဲချော်ရတော့မည် ဖြစ်သည်။

ဗယ်ဗာဒီသည် ဇီဒန်းအားကိုးရသည့် ကစားသမားတစ်ဦးဖြစ်ပြီး ယခုရာသီတွင် ပြိုင်ပွဲအရပ်ရပ်၌ ၁၁ ပွဲကစားထားရာတွင် ၃ ဂိုးသွင်းထားနိုင်သည်။ သူသည် ကွင်းလယ်တွင် မိုဒရစ်နှင့် တွဲကာ ခြေစွမ်းပြနေသူဖြစ်ပြီး ယခုအခါ ရီးရဲလ်မက်ဒရစ်သည် လာမည့်ပွဲစဉ်များတွင် သူ့ကို အသုံးပြုနိုင်တော့မည် မဟုတ်ချေ။

ရီးရဲလ်မက်ဒရစ်သည် နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ဗီလာရီးရဲလ်နှင့်ရင်ဆိုင်ရမည် ဖြစ်ပြီး ယင်းပွဲအပြီးတွင် အင်တာမီလန်နှင့် ချန်ပီယံလိဂ်အုပ်စုပွဲ ကစားသွားရမည် ဖြစ်သည်။

Facebook Comments Box
Facebook Comment