ရိုးမားပိုင်ရှင်သစ်၏ကမ်းလှမ်းမှုကို တော့တီ စောင့်ဆိုင်းနေ

ရိုးမားဂန္ထဝင်အသင်းခေါင်းဆောင်ဖရန်ဆစ္စကိုတော့တီက ရိုးမားသို့ အမြန်ဆုံး ပြန်လာနိုင်ရန် မျှော်လင့်ကြောင်း၊ သို့ရာတွင် ပိုင်ရှင်သစ်များထံမှ တစ်စုံတစ်ရာ ဆက်သွယ်မှု မရှိသေးကြောင်း ပြောကြားလိုက်သည်။

တော့တီသည် ၂၀၁၇ ခုနှစ်တွင် ကစားသမားဘဝမှ အနားယူပြီးနောက် ရိုးမားတွင် ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ သို့ရာတွင် သူသည် ၂၀၁၉ ခုနှစ်၊ ဇွန်လတွင် ရိုးမားဒါရိုက်တာအဖွဲ့မှ နုတ်ထွက်ခဲ့သူလည်း ဖြစ်သည်။

တော့တီသည် ရိုးမားမှ နုတ်ထွက်ပြီးနောက် သတင်းစာရှင်းလင်းပွဲတွင် ကလပ်၏ ဆုံးဖြတ်ချက်များတွင် တစ်စုံတစ်ရာ ပါဝင်ပတ်သက်ခွင့် မရရှိခဲ့ကြောင်း အသင်းပိုင်ရှင်ဟောင်းဂျိမ်းစ်ပယ်လော့တာနှင့်ဘုတ်အဖွဲ့ဝင်များကို အပြင်းအထန် ဝေဖန်မှုပြုလုပ်မှုနှင့်အတူ ရိုးမားနှင့်၎င်းအကြား နှစ် ၃၀ ကြာလက်တွဲမှုမှာလည်း လက်တွဲဖြုတ်ခဲ့သည်။

သို့ရာတွင် ယခုအခါ ရိုးမားကို အမေရိကန်ဘီလျှံနာဖရိုင်းကင်မိသားစုက ဝယ်ယူထားပြီ ဖြစ်ပြီး တော့တီမှာ ရိုးမားတွင် ပြန်လည်တာဝန်ထမ်းဆောင်ရန် ဆန္ဒပြင်းပြနေပြီ ဖြစ်သည်။

တော့တီက “ကျွန်တော့်ကို ဆွဲဆောင်နေတဲ့အရာရှိနေပါတယ်။ ဒီလို ရှိနေတော့လည်း ရိုးမားသို့ မကြာမီ (သို့မဟုတ်)နောက်ပိုင်းမှာ သွားဖို့ တွေးနေပါတယ်။ ထပ်ပြီးဆုံကြပါမယ်”ဟု ပြောကြားသွားသည်။

တော့တီသည် ကစားသမားဘဝတစ်ခုလုံးကို ရိုးမားတွင်သာ ကုန်ဆုံးလာခဲ့သူဖြစ်ပြီး ၇၈၆ ပွဲကစားကာ ၃၀၇ ဂိုးသွင်းယူပေးခဲ့သူလည်းဖြစ်သည်။

ဆက်လက်ပြီး တော့တီက အသင်းပိုင်ရှင်သစ်ဒန်ဖရိုင်းကင်ထံမှ ဖိတ်ကြားမှုကို စောင့်ဆိုင်းနေကြောင်း ပြောကြားလိုက်သည်။

တော့တီက “ရောမသို့ ဘယ်တော့ သွားမလဲဆိုတော့ ဒါက သင့်တော်တဲ့မေးခွန်းမဟုတ်ပါဘူး။ တိုက်ရိုက်မေးခွန်းကြီးဖြစ်နေတယ်။ တကယ်လို့ ဖရိုင်းကင်မိသားစုနဲ့ ဘယ်အချိန်တွေ့မလဲ မေးလာရင်တော့ တွေ့မယ်လို့ဘဲ ဖြေပါမယ်။ သူတို့က ကော်ဖီတစ်ခွက်လောက် သောက်ဖို့ ဖိတ်တဲ့အချိန်ကျရင် တွေ့သွားပါမယ်။ ရိုးရိုးသားသားပြောရရင် သူတို့လုပ်လာမယ်လို့ ထင်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာ ဘာဆက်သွယ်မှုမှ မရှိသေးပါဘူး”ဟု ပြောကြားသွားသည်။

တော့တီသည် ရိုးမားနှင့်အတူ စီးရီးအေဖလားတစ်ကြိမ်၊ ကိုပါအီတာလီယာဖလား နှစ်ကြိမ်၊ စူပါကိုပါအီတာလီယာဖလားနှစ်ကြိမ် အသီးသီး ဆွတ်ခူးနိုင်ခဲ့သည်။ သူသည် ရိုးမားသမိုင်းတွင် ဂိုးအများဆုံးသွင်းယူသူ၊ ပွဲအများဆုံးကစားသူအဖြစ် ရပ်တည်နေသလို စီးရီးအေသမိုင်းတွင် အသက်အငယ်ဆုံး အသင်းခေါင်းဆောင်အဖြစ် ၂၂ နှစ်နှင့် ၃၄ ရက်တွင် ရိုးမားကို ဦးဆောင်ခွင့်ရခဲ့သူလည်းဖြစ်သည်။

Ref: La Repubblica

Facebook Comments Box
Facebook Comment