
ရာသီဥတုကတော့ စီးတီးဘက်က
ဥရောပဘောလုံးရာသီကတော့
မကြာခင် နိဂုံးချုပ်ပါတော့မယ်။
ထုံးစံအတိုင်း ချန်ပီယံလိဂ်
ဖိုင်နယ်ပွဲပြီးရင် အားလုံး
ပြီးဆုံးပါပြီ။ အစ္စတန်ဘူလ်မှာ
ဘယ်အသင်း ဗိုလ်စွဲမလဲ။
မန်စီးတီးလား၊ အင်တာလား။
ဖိုင်နယ်ပွဲတပွဲ ကစားဖို့ရှိတိုင်း
ဘယ်အသင်း အနိုင်ရနိုင်သလဲဆိုတဲ့
သုံးသပ်မှုတွေ ထွက်စမြဲပါ။
နောက်ခံသမိုင်းကြောင်း၊
လက်ရှိခြေစွမ်း၊ နည်းပြ၊
ကစားသမားတွေရဲ့ စွမ်းဆောင်ရည်
စုံလို့ပါပဲ။ မန်စီးတီး အသင်းသားတွေ
တူရကီသွားတဲ့ ဗီဒီယိုဖိုင်
အတိုလေးတခု ကြည့်လိုက်ရတယ်။
အစ်တီဟတ်ကနေ အသင်းရဲ့
ဘတ်စ်ကားကြီးနဲ့ ထွက်လာရာမှာ
ကစားသမားတွေရဲ့ မျက်နှာက
ယုံကြည်မှုအပြည့်နဲ့။ ပြိုင်ဘက်ကို
သေချာပေါက် အနိုင်ယူမယ်ဆိုတဲ့
စိတ်ပိုင်းဖြတ်မှုတွေလည်း
တွေ့ရတာပေါ့။ သူတို့အတွက်
ဖိုင်နယ်ကို ဒုတိယအကြိမ်
တက်လှမ်းမှုမှာ ဖလားကြီးကို
အစ်တီဟတ်ဆီ သယ်ဆောင်မယ်လို့
အားလုံးက မာန်ခဲထားကြတယ်။
မီဒီယာတွေကလည်း
ဖိုင်နယ်ပွဲအကြောင်း ကဏ္ဍစုံက
တင်နေကြရာမှာ မန်စီးတီးနဲ့
ပတ်သက်တာတွေက
ပိုများနေသလိုပဲ။ အထူးသဖြင့်
ဟာလန်းရဲ့ စွမ်းဆောင်ရည်။
နော်ဝေသားက ပရီးမီးယားလိဂ်မှာ
စံချိန်ချိုးပြီး ရွှေဖိနပ်ဆု
ရယူထားတယ်။
ဥရောပရွှေဖိနပ်ဆုရှင်ကလည်း
သူပဲ။ ဒီရာသီ ချန်ပီယံလိဂ်မှာလည်း
၁၂ ဂိုးသွင်းပြီး ရွှေဖိနပ်ဆု
ထပ်ယူဦးမယ်။ ချန်ပီယံလိဂ်
ဂိုး ၃၀ နှင့်အထက် သွင်းထားသူတွေထဲ
တပွဲပျမ်းမျှသွင်းဂိုး အများဆုံးကလည်း
ဒီမောင်ပဲ။ သူက တပွဲပျမ်းမျှ
၁.၂၁ ဂိုးနှုန်း သွင်းထားတယ်။
ဒါက ၀.၈၂ ဂိုးနဲ့ ဒုတိယနေရာမှာ
ရှိနေတဲ့ လီဝမ်ဒေါစကီးထက်
ပိုများတယ်။ မက်ဆီ၊ ရော်နယ်ဒိုတို့ထက်လည်း
ပိုများတယ်။ လက်ရှိအချိန်မှာ
ဟာလန်းက တားဆီးလို့မရဆုံး
တိုက်စစ်မှူးတယောက်လို ဖြစ်နေတယ်။
ဒီအချက်တင်ပဲလားဆိုတော့လည်း
မဟုတ်ပြန်ပါဘူး။ ကွင်းလယ်တောင်ပံက
ဂရီးလစ်ရှ်ကလည်း ဒီရာသီ
ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဂိုးသွင်းခွင့်
အကြိမ်ရေအများဆုံး ဖန်တီးနိုင်တဲ့
ဗြိတိန်သားအဖြစ် ရပ်တည်နေပါတယ်။
သူက ၃၅ ကြိမ် ဖန်တီးပေးထားပြီး
၂၀၀၇/၀၈ ရာသီမှာ ၃၄ ကြိမ်
ဖန်တီးပေးခဲ့တဲ့ ချဲလ်ဆီးကွင်းလယ်လူ
လမ်းပတ်ကိုကျော်ဖြတ်ခဲ့တာပါ။
ဒီဘရိုင်းကလည်း ဂိုးဖန်တီးမှု
၆ ကြိမ်ပြုလုပ်ကာ ဒီရာသီ
ချန်ပီယံလိဂ်ရဲ့ ဖန်တီးမှုအကောင်းဆုံး
ကစားသမားအဖြစ် ရပ်တည်နေတယ်။
ဒါ့အပြင် ရိုဒရီကလည်း တိကျတဲ့
ဖြတ်တင်ပေးပို့မှု ၈၄၉ ကြိမ်နဲ့
ဒီကဏ္ဍမှာ အကျွမ်းကျင်ဆုံး
ဆရာတဆူအဖြစ် ရပ်တည်နေတာပါ။
ဖိုင်နယ်ပွဲဆိုတာ ကြွေတလှည့်
ကြက်တခုန်လို့လည်း တင်စားကြပါတယ်။
ဒါပေမဲ့လည်း မန်စီးတီးရဲ့
တောက်ကြွားနေမှုကြောင့် အစ္စတန်ဘူလ်
ဖိုင်နယ်ပွဲမှာ ဂွါဒီယိုလာရဲ့အသင်းက
ရေပန်းစားနေတာပါ။ အင်တာကရော
ဒါကို ဒီအတိုင်း လက်ပိုက်ကြည့်မတဲ့လား။