
ရာသီသစ်မှာ ဟာလန်း ပိုကြမ်းပြမယ်
နည်းပြကောင်းတယောက်ဆိုတာ
အသင်းအောင်မြင်နိုင်ဖို့ သူ့ရဲ့
အတွေ့အကြုံတွေ၊ ထိုးထွင်းဉာဏ်နဲ့
လုပ်အားနှုန်း အကုန်ပုံအပ်ကာ
တကြောင်းတည်းသော စိတ်ထားနဲ့
လုပ်ဆောင်ကြသူတွေပါ။ အခြား
ကွင်းပြင်ပ ကိစ္စရပ်တွေကိုလည်း
စီမံခန့်ခွဲနိုင်ဖို့ လိုအပ်တယ်။
အရပ်စကားနဲ့ပြောရရင် အသင်းသားတွေအပေါ်
ပွဲပြီး မီးသေနေရမယ် ဆိုသလိုပေါ့။
နောက်ပြီး ကစားသမားတယောက်ချင်းစီကနေ
အကောင်းဆုံးအရာတွေ ထွက်လာအောင်
ဘယ်လိုလုပ်ဆောင်ရမလဲဆိုတဲ့
အပိုင်းကိုလည်း နားလည်ဖို့လိုတယ်။
ဒါမှသာ တဦးချင်းစီရဲ့ အကောင်းဆုံးတွေကို
စုစည်းပြီး အောင်မြင်မှုလမ်းကြောင်းပေါ်
လျှောက်လှမ်းတဲ့အခါ လိုရာပန်းတိုင်ဆီ
ရောက်ရှိနိုင်တာပါ။ ဂွါဒီယိုလာက
ဒီလိုနည်းပြထဲ ပါတယ်။
အသက်သာ ငယ်ပေမယ့် သူဟာ
ဖာဂူဆန်လို ဂုရုကြီးကိုတောင်
ဒုက္ခပေးခဲ့သူပါ။ နည်းဗျူဟာ
ပိုင်နိုင်တယ်။ သူကိုင်တဲ့ အသင်းတိုင်း
ဘောလုံးကို အနုပညာဆန်ဆန်
ကစားတတ်တာချည်းပဲ။ အနိုင်ရဖို့
အဓိကဆိုတဲ့ အစားထဲ ဂွါဒီယိုလာ
မပါပါဘူး။ ဖျော်ဖြေမှုပေးစွမ်းတဲ့
ကစားဟန်က ပထမ၊ နိုင်ပွဲက
ဒုတိယ ဆိုတာမျိုး။
ကစားသမားတွေကို ကိုင်တွယ်ရာမှာလည်း
သိပ်မကြမ်းဘူး။ ညီအကိုလို၊ သူငယ်ချင်းလို
ပေါင်းတယ်။ ဘယ်သူ ဘာကြိုက်လဲ၊
အကောင်းဆုံးရဖို့ ဘယ်လိုညှစ်ထုတ်ရမလဲ
သူ ကောင်းကောင်းသိတယ်။
ဝက်စ်ဟမ်းကို အနိုင်ယူတဲ့ပွဲအပြီးမှာ
ဂွါဒီယိုလာက ကစားသမားတွေနဲ့
ဝန်ထမ်းတွေကို ဟာလန်းအတွက်
ဂုဏ်ပြုဖို့ စီစဉ်ခဲ့တယ်။
အားလုံးသိတဲ့အတိုင်း နော်ဝေသားက
အဆိုပါပွဲမှာ တဂိုးသွင်းပြီး ပရီးမီးယားလိဂ်
တရာသီအတွင်း ဂိုးသွင်းအများဆုံး
ကစားသမားဆိုတဲ့ စံချိန်သစ်ကို တင်လိုက်တယ်။
ပွဲအပြီးမှာ ကစားသမားတွေနဲ့ ဝန်ထမ်းတွေက
နှစ်တန်းခွဲရပ်လိုက်ပြီး ဟာလန်းအတွက်
လျှောက်လှမ်းလေး ဖန်တီးပေးခဲ့တယ်။
ချန်ပီယံဖြစ်သွားတဲ့အသင်းကို
ဂုဏ်ပြုသလိုမျိုးပေါ့။
ပထမတော့ အဝတ်လဲခန်းထဲ တန်းဝင်မယ့်
ဟာလန်းလည်း ကြောင်သွားတာပေါ့။
နောက်တော့မှ ရှက်ကိုးရှက်ကန်းနဲ့
လျှောက်သွားပေမယ့် သူ့ရင်ထဲ
ကြည်နူးပီတိဖြစ်နေမှာ သေချာတယ်။
ဒါက ကစားသမားကို ဆပ်ပရိုက်
တိုက်လိုက်တာဖြစ်ပြီး စိန်ခေါ်မှုတခုကိုလည်း
ဂွါဒီယိုလာက ကြေညာခဲ့တယ်။
လာမယ့်ရာသီသစ်မှာလည်း ကိုယ်တိုင်
တင်ထားတဲ့ စံချိန်ကို ထပ်မံချိုးဖျက်နိုင်မလား
ဆိုပြီး စိန်ခေါ်သလိုမျိုးနဲ့ ဆွပေးခဲ့တာပဲ။
ဒီရာသီမှာ မန်စီးတီးအတွက် ဟာလန်း
သွင်းယူထားတဲ့ဂိုးက ၅၁ ဂိုး။ လိဂ်ဂိုးက
၃၅ ဂိုး။ ဒါကို နောက်နှစ်မှာ ဒီထက်
ပိုများအောင် သွင်းနိုင်မလားလို့
စိန်ခေါ်လိုက်တာ။ ဒီလိုလုပ်နိုင်ဖို့ဆိုတာ
မလွယ်ပေမယ့်လည်း ဂွါဒီယိုလာက
သာသာယာယာမနေနဲ့…ထပ်ပြီး
ကြိုးစားရဦးမယ်လို့ တဖက်လှည့်နဲ့
ပြောနေသလိုပဲ။
ဟာလန်းကတော့ ဘာမှ မတုံ့ပြန်သေးဘူး။
အင်္ဂလန်ကို စရောက်တဲ့နှစ်မှာပဲ
သူလုပ်ပြထားတာတွေက တကယ့်အပျံစား။
ဖလား ၃ လုံးလမ်းကြောင်းပေါ်မှာ
ရှိနေတယ်။ လူကလည်း လူငယ်ဆိုတော့
ဆရာဖြစ်သူရဲ့ စိန်ခေါ်မှုကို ထုတ်မပြောရင်တောင်
စိတ်ထဲက စောင့်ကြည့်နေပေါ့ဗျာလို့
ပြောနေမလားပဲ။ ၂၀၂၂-၂၀၂၃ ရာသီထက်
ပိုကောင်းတဲ့ရာသီကို ဖန်တီးဖို့
အားခဲထားမယ်ဆိုရင်တော့ သေချာတယ်
အင်္ဂလန်ကလပ်တွေရော၊ ဥရောပ
ကလပ်တွေပါ ဟာလန်းကို တွေ့လိုက်တာနဲ့
ကြောက်သေး တဗြန်းဗြန်းထွက်ကျနေမှာ
မြင်ယောင်သေး…