
ရာသီညောင်းလို့ ပြောင်းလဲလာတဲ့ ဒါဘီအကြောင်း
ဒီတစ်ခေါက် နိုင်ငံတကာ ပွဲစဉ်တွေကြောင့် လိဂ်တွေကိုစောင့်ရတာ အကြာဆုံးလို့ စိတ်ထဲက ထင်မိတယ်။ အရင်ကလည်း လိဂ်တွေ အရှိန်ကောင်းနေတဲ့အချိန် နိုင်ငံတကာပွဲတွေ ဝင်ဝင်ရှုပ်နေကျဆိုတာတော့ မှန်ပါရဲ့။
ဒါပေမဲ့ အခုလို ဘောလုံးပွဲကြည့်ဖို့ တစ်ခုတည်း အာရုံစိုက်နေရတဲ့အချိန်မှာ တစ်ပတ်နားတယ်ဆိုတာက တော်တော် စိတ်မရှည်ချင်စရာကောင်းတဲ့ ခံစားချက်ကတော့ ဘောလုံးပွဲကြိုက်တဲ့ လူအများစုနဲ့ တိုက်ဆိုင်မယ်ဆိုတာ ယုံတယ်။
ကဲ . . .ထားပါတော့ အခုလည်း ကျွန်တော်တို့ မျှော်နေတဲ့အချိန်က ရောက်လာပြီလေ။
ကဲ . . .ဒါနဲ့ ဘာပွဲတွေများပါလိမ့်ဆိုပြီး Fixture ကိုဖွင့်ကြည့်တော့ . . . အားပါး . . ပွဲကြီးပွဲကောင်းတွေ များတာပဲ။
အဖွင့်ပွဲစဉ်ကိုက မာဆေးဆိုက်ဒ်ဒါဘီနဲ့ ဖွင့်၊ ပြီးတော့ မန်စီးတီး- အာဆင်နယ်၊ နယူးကာဆယ်- ယူနိုက်တက်။ နောက်တစ်ရက်ကျတော့ စပါးနဲ့ ဝက်စ်ဟမ်းရဲ့ လန်ဒန်ဒါဘီ၊ လက်စတာနဲ့ ဗီလာကလည်း ပွဲကောင်းမှာ . . .
တနလာၤနောက်ကျပွဲတောင်မှ လိဒ်နဲ့ ဝုဗ်။ ပွဲချိန်တွေကလည်း မတိုက်တော့ (၁၀)ပွဲလုံးကြည့်လို့ရနေပြန်။ ဝှူး. . .ဒီ စနေ- တနင်္ဂနွေ- တနင်္လာတော့ အညောင်းမိပြီး ချိတောင် ချိမလားပဲ . . .။ စောင့်ရကျိုးနပ်ပါပေတယ် EPL . . .

အဲ . . .ပွဲစဉ်တွေကြည့်ပြီး စနေနဲ့ တနင်္ဂနွေမှာ ဒါဘီပွဲတွေ ပါတာကို တွေးနေရင်းနဲ့ ဒါဘီဆိုတဲ့ကိစ္စကို ဆက်တွေးမိသွားပြန်ရော။ ဒီဝေါဟာရနဲ့ စပြီးရင်းနှီးခဲ့တာတော့ ဂျာနယ်တွေ စပေါ်ခါစကတည်းကပဲ။
အလဲဗင်း၊ အင်အား၊ တံခွန်တို့ကျေးဇူးနဲ့ ဒါဘီဆိုတာ မြို့တစ်မြို့တည်း အခြေစိုက်တဲ့အသင်းနှစ်သင်း ထိပ်တိုက်ပြန်တွေ့တဲ့ပွဲကို ခေါ်တာဆိုတဲ့ ဗဟုသုတကို အဲဒီအချိန်ကတည်းက ရင်းနှီးခဲ့တာ။
အဲဒီတုန်းကတော့ ရုံဝင်ခပေးပြီး ကြည့်ရတဲ့ ဘောလုံးပွဲရုံတွေမှာ မသိတဲ့လူတွေကို ဆ ရာလုပ်ရတာက တကယ့်အရသာပဲ . . .။ အဲဒီအချိန်က မန်ချက်စတာဒါဘီ၊ လန်ဒန်ဒါဘီ၊ မာဆေးဆိုက်ဒ်ဒါဘီ၊ တိုင်းဝဲလ်ဒါဘီ ဘယ်လိုပဲ ဒါဘီဘီ ပွဲကြီးပွဲကောင်းပဲ။
အသားကုန်ကြိတ်ချက်က မိနစ်(၉၀) ဘယ်လိုပြည့်သွားမှန်းတောင် မသိဘူး။ ပွဲမစခင်ကတည်းက ကစားသမားတွေ မျက်နှာရိုက်ပြတဲ့အခါဆို အကုန်လုံးက ‘ဆော်မယ်၊ ကြိတ်မယ်’ ဆိုတဲ့ မာန်အပြည့်နဲ့ ကြည့်နေတဲ့လူတွေတောင် သူတို့ခံစားချက်ကို မြင်ရတယ်။
ဒါဘီပွဲတွေဆို အကြိတ်အနယ်ကစားတာကို ကြည့်ရသလို ကံကောင်းရင် လက်ဝှေ့ပွဲတွေပါ ကြည့်ရတတ်သေးတယ်။ အဲဒီလို ပွဲကြီးပွဲကောင်းကြည့်ပြီး နောက်ရက်ဆို ဂျာနယ်ပြေးဝယ်။ ပွဲပြီးတော့ ဘာဆက်ဖြစ်လဲဆိုတာ စပ်စုရတာအမော . . .။

အခုခေတ် လူငယ်တွေတော့ သိချင်မှသိမယ်။ အဲဒီတုန်းကဆို ပွဲက ကွင်းထဲမှာပြီးပေမယ့် မပြီးဘူး။ ဥမင်လှိုင်ခေါင်းထဲမှာ ပွဲဆက်တွေရှိတတ်တာကိုး . . .
ဘာကြောင့် အခုလို ခံစားချက်တွေ ပြင်းထန်ပြီး ပွဲကြီးပွဲကောင်းတွေ ဖြစ်လာတာလဲ . . .’လူ့သဘာဝ’ ကြောင့်လို့ပဲ ပြောရမှာပဲ။
နေရာတစ်ခုတည်းမှာ နေတဲ့လူချင်းအတူတူ ‘ငါက သူ့ထက်သာတယ်’ ဆိုတဲ့ အတ္တနဲ့ ဆိုင်မယ်ထင်ပါတယ်။ အဲဒီစိတ်ကိုပဲ အခြေခံပြီး မီဒီယာတွေရဲ့ လှုံ့ဆော်မှုကနေ ခံစားချက်တွေ ပြင်းလာတဲ့သဘောပဲ။
အဲ . . .နောက် 2000 ကျော်ကာလတွေမှာတော့ ကျွန်တော် ဂျာနယ်လောကထဲ ရောက်ရော။ အဲဒီတော့ အလုပ်နဲ့ဆိုင်ပြီး သိပြီးသား ဒါဘီတွေအပြင် မီလန်ဒါဘီ၊ တူရင်ဒါဘီ၊ ရောမဒါဘီ၊ စစ္စလီဒါဘီ ဆိုတဲ့ အီတလီဒါဘီတွေ၊ အယ်လ်ကလက်စီကိုဒါဘီ၊ မက်ဒရစ်ဒါဘီ၊ ကတ်တလန်ဒါဘီ ဆိုတဲ့ စပိန်ဒါဘီတွေ (ပြောရင် ကုန်မှာတောင် မဟုတ်ဘူး . . .) အများကြီး ပိုပြီးလေ့လာခွင့် ရလာခဲ့တယ်။
ပွဲကြီးပွဲကောင်းတွေချည်းပဲ။
အခုနောက်ပိုင်းမှာ ဒါဘီပွဲတွေကြည့်ရတာ နည်းနည်း ပေါ့ပြက်ပြက်နိုင်လာတဲ့ သဘောရှိတယ်။ ဘောလုံးသမားတွေရဲ့ စိတ်နေစိတ်ထားနဲ့ ခံယူချက်တွေကြောင့်လို့ထင်မိတယ်။

အခုခေတ်ပွဲတွေမှာ ကြမ်းတယ်ဆိုတဲ့ ဒါဘီတွေက အရင်တုန်းက ကျွန်တော်တို့ စွဲလမ်းခဲ့တဲ့ ဒါဘီတွေရဲ့ တစ်ဝက်လောက်ပဲ ရှိမယ်ထင်တယ်။ အဲဒါ ဘာကြောင့်လဲဆိုတာကို ကျွန်တော် လေ့လာကြည့်တယ်။
ဟုတ်တယ်ဗျ။ စစ်တမ်းတွေအရဆိုရင် ပရိသတ်တွေရဲ့ ပြိုင်ဘက်အပေါ်ထားတဲ့ စိတ်နေစိတ်ထားက အချိန်ကာလတွေ ကြာလာတာနဲ့အမျှ အပြောင်းအလဲတွေ ရှိလာတယ်။
ဟုတ်တယ်။ အခုနောက်ပိုင်း ဘောလုံးသမားတွေက ဘောလုံးအပေါ် ချစ်တဲ့စိတ်နဲ့ အသင်းအပေါ် ပေးဆပ်မှုအပိုင်းတွေမှာ အားနည်းလာတယ်။ အသင်းအောင်မြင်မှုထက် တစ်ကိုယ်စာ အောင်မြင်မှုနောက်ကို ပိုလိုက်လာကြတယ်။
အရင်က ဒါဘီပွဲတွေမှာ မြင်ခဲ့ရဖူးတဲ့ မာကျောမှုတွေ၊ တိုက်ပွဲဝင်စိတ်တွေ၊ အနိုင်လောဘတွေကို မတွေ့ရတာတောင် တော်တော်ကြာခဲ့ပြီ . . .
ဒါဆိုရင် ကျွန်တော်တို့ စိတ်ဝင်စားနေတဲ့ ဒီတစ်ပတ် ဒါဘီတွေကရော သာမန်ပွဲတွေလိုမျိုး ဖြစ်နေပြီလား။ အဲဒီလိုမျိုးတော့လည်း မဟုတ်ဘူးဗျ။
ဒါဘီဆိုတဲ့ ခံစားချက်ကလေးက အနည်းနဲ့အများတော့ ရှိနေသေးသလို နောက်ခံအခြေအနေတွေရဲ့လှုံ့ဆော်မှုတွေက ကစားသမားတွေနဲ့ နည်းပြတွေအပေါ် ဖိအားပေးနေလို့ အရင်ကလို ခံစားချက်ပြင်းထန်တဲ့ ရသမျိုး မပေးတော့ပေမယ့် ပိုပြီးကြည့်ကောင်းစေမယ့် လှုံ့ဆော်မှုတွေကတော့ ရှိနေပါသေးတယ်။
အခုတစ်ပတ် အစောဆုံးကြည့်ရမယ့် မာဆေးဆိုက်ဒ်ဒါဘီဆိုရင် အဲဗာတန်ရဲ့အနေအထားနဲ့ လီဗာပူးရဲ့အနေအထားကြောင့် ပိုစိတ်ဝင်စားစရာ ကောင်းနေတယ်။ တစ်သင်းက လက်ရှိချန်ပီယံ. . .။

နှစ်ပေါင်း(၃၀)လောက် ဝေးနေတဲ့ချန်ပီယံဆုကို ပထမဆုံး ကာကွယ်ရမယ့်အချိန်။ နောက်တစ်သင်းက ရာသီအဖွင့်မှာကတည်းက အရှိန်ကောင်းကောင်းနဲ့ တာထွက်နိုင်ခဲ့သလို သမ္ဘာရင့်နည်းပြကြီးရဲ့အောက်မှာ ပိုပိုကောင်းလာတာ မြင်နေရတဲ့အချိန်။
ချန်ပီယံအသင်းကတော့ ခြေချော်လက်ချော်နဲ့ ဗီလာလို အင်အားအရမ်းမကောင်းတဲ့အသင်းကို ဂိုးပြတ်ခြေပြတ်နဲ့ ရှုံးထားတဲ့အချိန်။ ဒီ နောက်ခံအခြေအနေတွေကြောင့် ဒီပွဲက ဒါဘီ မဟုတ်ရင်တောင် တော်တော်ကြည့်လို့ကောင်းမှာ သေချာတယ်။
နှစ်သင်းလုံးအတွက် ဖိအားတွေရှိနေတဲ့ အခြေအနေကြောင့် ‘ရလဒ်’ က သက်ရောက်မှု အရမ်းမြင့်မားလိမ့်မယ်။
နောက်တစ်ပွဲက စပါးနဲ့ ဝက်စ်ဟမ်းရဲ့ လန်ဒန်ဒါဘီ။ မော်ရင်ဟိုရဲ့စပါးက ရာသီအဖွင့်မှာ အဲဗာတန်ကို ရှုံးလိုက်လို့ ဖိအားများခဲ့ပေမယ့် အဲဒီဒဏ်ရာတွေကို ကုစားပြီး အသင်းက လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာခဲ့ပြီ။
နောက်ဆုံးပွဲမှာ ယူနိုက်တက်လိုအသင်းကို အံ့သြဖို့ကောင်းတဲ့ ရလဒ်နဲ့နိုင်ပြီး ခြေရောကြွေရော တက်နေတဲ့အသင်း။ ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မွိုက်စ်ရဲ့အနေအထားကလည်း စိတ်ဝင်စားစရာပဲ။

ရာသီအစမှာ နယူးကာဆယ်နဲ့ အာဆင်နယ်ကို (၂)ပွဲဆက်တိုက်ရှုံးလိုက်တော့ ဒီရာသီထုတ်ပယ်ခံရမယ့် ပထမဆုံးနည်းပြက မွိုက်စ်ဖြစ်လာမယ်ဆိုတဲ့ သတင်းတွေတောင် တက်လာသေးတယ်။
အဲဒီနောက်မှာတော့ ဝက်စ်ဟမ်းက ရုတ်တရက် ပြောင်းလဲသွားခဲ့တယ် (ဒေးဗစ်မွိုက်စ် ကိုဗစ်ဖြစ်သွားတာနဲ့များ ဆိုင်မလားပဲ) ဝုဗ်ကို (၄-ဝ)၊ လက်စတာကို (၃-ဝ) ဆိုတဲ့ရလဒ်က ဝက်စ်ဟမ်းကို အရမ်းကြီး ပြောင်းလဲသွားစေခဲ့တယ်။
အခုလန်ဒန်ဒါဘီက အထနှေးပြီး အရှိန်ကောင်းနေတဲ့ အခြေအနေချင်းတူသလို နည်းပြနှစ်ယောက်လုံးက မန်ယူနိုက်တက်မှာ ကျရှုံးခဲ့ကြတဲ့သူတွေဆိုတဲ့ အနေအထားကလည်း တူနေပြန်တယ်။
ဒီစာရဲ့ အစပိုင်းမှာပြောခဲ့တဲ့ ကျွန်တော်တို့ ငယ်ငယ်တုန်းက ဒါဘီတွေလိုမျိုး ပြင်းထန်ကြမ်းတမ်းတဲ့ ဒါဘီမျိုး၊ လက်ဝှေ့နဲ့ ဘောလုံး တစ်ပြိုင်တည်း ကစားတဲ့ပွဲမျိုး၊ ဥမင်ထဲမှာ ပီဇာနဲ့ပေါက်ကြ ဆွဲကြလွဲကြတဲ့ ပွဲမျိုးတွေကတော့ အချိန်ကာလတိုက်စားမှုနဲ့ ခေတ်ရေစီကြောင်းကြောင့် ပြန်မြင်ရ၊ ခံစားရတော့ဖို့ မရှိတာအမှန်ပဲလေ။
ဒါပေမဲ့ အချိန်တိုက်စားမှု ဘယ်လိုပဲဖြစ်ဖြစ် ‘မြို့ခံပြိုင်ဘက်တွေ’ ဆိုတဲ့ ဒါဘီခံစားချက်ရယ်၊ ဒီဒါဘီတွေမှာ ကစားမယ့်အသင်းတွေရဲ့ လက်ရှိအဖြစ်အပျက်နဲ့ စီးဆင်းမှုရယ်တွေကြောင့် ဒီကာလမှာ စိတ်ဝင်စားစရာ အကောင်းဆုံးဖြစ်လာမယ့် ပွဲတွေဆိုတာကတော့ သေချာပါတယ် . . .
မောင်ဖိုးကွန့်