ရာထူးမှ ချက်ချင်း နုတ်ထွက်ရန် ဘာတိုမြူကို ဘာစီလိုနာ ဥက္ကဌလောင်း တောင်းဆို

ဘာစီလိုနာဥက္ကဌရာထူးအတွက်ယှဉ်ပြိုင်မယ့် ဗစ်တာဖောင့် ကလက်ရှိဘာစီလိုနာဥက္ကဌဂျိုး ဆက်ဖ် ဘာတိုမြူအား ရာထူးမှ ချက်ချင်းနုတ်ထွက်ရန် တောင်းဆိုလိုက်ပါတယ်။


ဘာတိုမြူဟာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာ ဘိုင်ယန်မြူးနစ်ကို ၈-၂ ဂိုးဖြင့် အရှက်တကွဲရှုံးနိမ့်ပြီးနောက် အပြင်းအထန်ဝေဖန်မှုများနှင့်ရင်ဆိုင်နေရပါတယ်။


ဘာစီလိုနာဥက္ကဌရွေးကောက်ပွဲမှာ လာမယ့်နှစ်တွင်မှပြုလုပ်မှာဖြစ်ပေမယ့် ဘာစီလိုနာမှာ ဘိုင်ယန်မြူးနစ်အရှုံးကြောင့် အသင်းကို အကြီးအကျယ် အပြောင်းအလဲ လုပ်ရန် လိုအပ်နေရာ ဥက္ကဌရွေးကောက်ပွဲအား စော၍ ကျင်းပလာနိုင်ပါတယ်။


အထူးသဖြင့် ဘာတိုမြူမှာ ဖိအားများနှင့် ရင်ဆိုင်နေရပြီး ယခုအခါ ဗစ်တာဖောင့်က ဘာတိုမြူအနေဖြင့် ဥက္ကဌရာထူးမှ ချက်ချင်းဆင်းပေးသင့်ကာ ရွေးကောက်ပွဲအား စောစောစီးစီးကျင်းပသင့်ကြောင်း ပြောကြားလာပါတယ်။


ဗစ်တာဖောင့်က ‘‘ဒီရလဒ်(ဘိုင်ယန်ရှုံးပွဲ)အတွက် ပြောစရာ စကားလုံးတစ်ခုဘဲ ရှိတယ်။ အရှက်တကွဲအကျိုးနည်းဖြစ်ရတယ်လို့ဘဲ ပြောဖို့ရှိတယ်။ ဒီတော့ ဘာတိုမြူအနေနဲ့ ချက်ချင်း ဥက္ကဌရာထူးက ဆင်းပေးဖို့ လိုပါတယ်။ ပြီးရင် ရွေးကောက်ပွဲချက်ချင်းလုပ်ဖို့ လိုပါတယ်။ ကျွန်တော်တို့ ကလပ်ကို ပြန်လည်တည်ဆောက်ဖို့ လိုနေသလို ဘာကာရဲ့ပုံရိပ်ကို ပြန်လည်ဖော်ထုတ်ဖို့ လိုနေပါတယ်”လို့ပြောကြားသွားပါတယ်။


ဘာတိုမြူဟာ တနင်္လာနေ့မှာ အရေးပေါ်ဘုတ်အဖွဲ့အစည်းအဝေးပြုလုပ်သွားဖို့ရှိနေပြီး အရေးကြီးဆုံး ဆုံးဖြတ်ချက်အချို့ကို ချမှတ်သွားဖို့ ရှိနေပါတယ်။
ဗစ်တာဖောင့်ဟာ ဘာစီလိုနာဥက္ကဌဟောင်းလာပေါ်တာနှင့်အတူ ဘာစီလိုနာဥက္ကဌရာထူး အတွက် ယှဉ်ပြိုင်သွားပါမယ်။

ဘာစီလိုနာဟာ အသင်းအတွက် ပထမဆုံးအပြောင်းအလဲပြုလုပ်မှုအနေဖြင့် နည်းပြဆီတိန်းကို ရာထူးမှ ထုတ်ပယ်သွားဖို့ ရှိနေပါတယ်။


လက်ရှိအချိန်မှာ ဆီတိန်းနေရာကို ဆက်ခံဖို့ အက်စ်ပန်ညိုနှင့်စပါးစ်နည်းပြဟောင်းပိုချက်တီနိုက ရေပန်းအစားဆုံးဖြစ်နေပြီး သီယာရီဟင်နရီ၊ ရော်နယ်ကိုးမန်းတို့မှာလည်း လျာထားစာရင်းတွင် ပါဝင်နေပါတယ်။

Facebook Comments Box
Facebook Comment