ရပ်ရှ်ဖို့ဒ်မှာ အန်ဖီးလ်တွင် ပရိသတ်လက်ခုပ်သံ ရရှိသည့် ပထမဆုံးမန်ယူကစားသမားဖြစ်လာနိုင်ကြောင်း ရောဘတ်ဆင်ပြောကြား

လီဗာပူးစတားအင်ဒီရောဘတ်ဆင်က မားကပ်စ်ရပ်ရှ်ဖို့ဒ်မှာ ဗြိတိန်တဝှမ်းတွင် ချို့တဲ့သည့် ကလေးငယ်များနှင့် မိသားစုများ အကူအညီပေးရန် လုပ်ဆောင်ခဲ့မှုများအတွက် သမိုင်းတွင် လီဗာပူးပရိသတ်များ၏ လက်ခုပ်တီး အားပေးမှု ရရှိသည့် ပထမဆုံး မန်ယူကစားသမားဖြစ်လာနိုင်ကြောင်း ပြောကြားလိုက်သည်။

ရပ်ရှ်ဖို့ဒ်သည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် မိဘများ အလုပ်အကိုင်မဲ့ဖြစ်ကာ ကလေးငယ်များ အစားအသောက် ချို့တဲ့မှုဖြစ်မှုကို ဖြေရှင်းရန်အတွက် ဗြိတိန်တလွှား ကလေးများအတွက် အစားအသောက်အကူအညီများ ပေးခဲ့သည်။ ရပ်ရှ်ဖို့ဒ်သည် ယင်းကဲ့သို့ လူမှုရေးကို ရှေ့တန်းမှ ဦးဆောင်လုပ်ဆောင်မှုကြောင့် PFA ၏အထူးဂုဏ်ပြုဆု ချီးမြှင့်ခြင်း ခံထားရသည်။

လီဗာပူးနှင့် မန်ယူတို့သည် ကွင်းအတွင်းတွင် မဟာပြိုင်ဘက်များ ဖြစ်သည့် ၎င်းတို့ ရင်ဆိုင်တိုင်း အကြီးမားဆုံးပြိုင်ဘက်အဖြစ် ရင်ဆိုင်ကစားလေ့ရှိကြသည်။ သို့ရာတွင် ရောဘတ်ဆင်က ရပ်ရှ်ဖို့ဒ်၏ကွင်းပြင်ပလုပ်ရပ်များကြောင့် မာဆေးလ်ဆိုက်ဒ်တွင် လက်ခုပ်တီး အားပေးမှုနှင့်များစွာ ထိုက်တန်နေကြောင်း ပြောကြားလိုက်သည်။

စကော့တလန်အသင်းခေါင်းဆောင်က “(ကိုဗစ်ကာလအတွင်း)လူတိုင်းပြောနေကြတဲ့ စကားလုံးနှစ်ခုက မားကပ်စ် ရပ်ရှ်ဖို့ဒ်ပါ။ သူဟာ နိုင်ငံရေးသမားတွေကို ဆုံးဖြတ်ချက်ပြောင်းလာအောင် လုပ်ဆောင်နိုင်ခဲ့တယ်(ကျောင်းတွင် အစားအသောက်မကျွေးတော့ရေး)။ သူက ကလေးတိုင်းကို အစာရေစာဝစေချင်လို့ ဆုံးဖြတ်ချက်ပြောင်းလဲလာအောင် လုပ်ခဲ့ပါတယ်။ သူ့လုပ်ဆောင်မှုတွေက အရမ်းအံ့ဩစရာကောင်းပါတယ်။ တစ်ချိန်မှာ ပရိသတ်တွေ ကွင်းထဲသို့ ဝင်ကြည့်နိုင်တဲ့အချိန်မှာ ဒီမှာ(အန်ဖီးလ်) မားကပ်စ်ရပ်ရှ်ဖို့ဒ်က ပွဲကြည့်စင်က လက်ခုပ်သံရရှိတဲ့ ပထမဆုံးမန်ယူကစားသမားဖြစ်လာနိုင်ပါတယ်။ အခုဆိုရင် ထောင်ပေါင်းများစွာသော မိသားစုတွေ အစားအသောက်တွေ ရရှိနေကြပြီဖြစ်လို့ သူက ဒီဂုဏ်ပြုမှုနဲ့ အများကြီးထိုက်တန်တဲ့သူပါ”ဟု ပြောကြားသွားခဲ့သည်။

ထို့အပြင် ရောဘတ်ဆင်က နိုင်ငံရေးသမားများမှာ နိုင်ငံအကျိုးအတွက် လုံလောက်သည့် လုပ်ဆောင်မှု မရှိကြောင်းလည်း ပြောကြားသွားသည်။

ရောဘတ်ဆင်က “ကျွန်တော်ကတော့ သူတို့ လုပ်ပေးနေတယ်လို့ မထင်ပါဘူး။ ဒါပေမယ့် ကျွန်တော်ကတော့ လူတိုင်း ပိုကောင်းလာနိုင်တယ်လို့ထင်တယ်။ ကျွန်တော်ကိုယ်တိုင်လည်း ပိုပြီးတော့ ကောင်းမွန်လာအောင် လုပ်ဆောင်လာနို်ငတယ်လို့ ထင်ပါတယ်(သူ့ရဲ့ပရဟိလုပ်ငန်းမှာ)”ဟု ပြောကြားသွားသည်။

Facebook Comments Box
Facebook Comment