ရပ်ရှ်ဖို့ဒ်နှင့် ဂရင်းဝုဒ်တို့ ပိုကောင်းလာအောင် ကူညီသွားမည်ဟု ကာဗာနီ ပြောကြား

အက်ဒီဆင်ကာဗာနီသည် မန်ချက်စတာယူနိုက်တက်တွင် ကြောက်စရာကောင်း သည့် တိုက်စစ်မှူးတစ်ဦးဖြစ်လာရန် ဆုံးဖြတ်ထားသည်။ သို့ရာတွင် အတွေ့အကြုံရင့် တိုက်စစ်မှူးသည် မားကပ်စ်ရပ်ရှ်ဖို့ဒ်၊ မာဆင်ဂရင်းဝုဒ်တို့၏ ခြေစွမ်းပိုင်း တိုးတက်လာအောင်လည်း အကူအညီများပေးရန် ရည်မှန်းထားသည်။

ရပ်ရှ်ဖို့ဒ်သည် အသက် ၂၂ နှစ်သာ ရှိသေးသော်လည်း ယူနိုက်တက်အတွက် ၂၁၉ ပွဲ ကစားကာ ၆၉ ဂိုး သွင်းယူထားပြီးဖြစ်ကာ အဓိကတိုက်စစ်မှူးအဖြစ် အထိုင်ချထားနိုင်ပြီ ဖြစ်သည်။ ထို့အပြင် အကယ်ဒမီထွက် ဂရင်းဝုဒ်မှာလည်း အသက် ၁၉ နှစ်သာ ရှိသေးသော်လည်း ယူနိုက်တက်တွင် ပုံမှန်ကစားခွင့် ရရှိနေပြီ ဖြစ်ကာ သူ၏အလားအလာကောင်းများကို ပြသနေသည်။

ကာဗာနီက “လေ့ကျင့်ရေးကွင်းနဲ့ ဘောလုံးပွဲမှာ အကောင်းဆုံးကြိုးစားလို့ဘဲ ပြောချင်တယ်။ ဒီထက်ကောင်းတဲ့ အကြံဉာဏ်မရှိဘူးလို့ ထင်ပါတယ်။ ဘောလုံးပွဲမှာ နိုင်ဖို့ဆိုတာ လေ့ကျင့်ရေးကွင်းမှာ အရင်ဆုံး ပြင်ဆင် အနိုင်ရပြီးမှ နိုင်တာပါ။ ဒီတော့ ပွဲမတိုင်ခင်တည်းက စပြီးတော့ အလုပ်လုပ်ဖို့ လိုပါတယ်။ ကျွန်တော်က ယူနိုက်တက်သို့ အကောင်းဆုံးလုပ်ဆောင်ဖို့ ရောက်လာတာပါ။ အသင်းနဲ့ နည်းပြအတွက် ကျွန်တော့်အတွေ့အကြုံတွေကို ဝေမျှသွားပါမယ်။ ပြီးတော့ ကျွန်တော် ကိုယ်စွမ်းရှိသမျှ အကောင်းဆုံးပေးဆပ်ဖို့အတွက်လည်း အသင့် ဖြစ်နေပါပြီ”ဟု ပြောကြားခဲ့သည်။

အသက် ၃၃ နှစ်ရှိ ကာဗာနီသည် ပါလာမို၊ နာပိုလီနှင့် ပီအက်စ်ဂျီတို့တွင် ကစားခဲ့စဉ်အတွင်း ဥရောပ၏ အကောင်းဆုံး ဂိုးသွင်းစက်များထဲမှ တစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့သူ ဖြစ်သည်။ ၎င်းသည် ယူနိုက်တက်တွင်လည်း ဂိုးများ ဆက်လက် သွင်းယူနိုင်ရန် မျှော်လင့်နေသည်။

ယူနိုက်တက်၌ ကျောနံပါတ် ၇ ကို ဝတ်ဆင်သွားမည့် ကာဗာနီက “ဂိုးတွေ အများကြီး သွင်းနိုင်ဖို့ မျှော်လင့်နေပါတယ်။ ဒီအတွက်ဘဲ အလုပ်ကြိုးစားသွားပါမယ်။ နည်းပြအတွက် ရွေးချယ်ဖို့ အသင့်ဖြစ်အောင် ကစားဖော်တွေအတွက် အသင့်ဖြစ်အောင် အလုပ်ကြိုးစားပြီး ပြင်ဆင် သွားပါမယ်။ ကွင်းထဲမှာ အတူလက်တွဲပြီး အလုပ်ကြိုးစားရင် မန်ချက်စတာယူနိုက်တက်သို့ အောင်မြင်မှုတွေ ယူဆောင်လာနိုင်မှာပါ”ဟု ပြောကြားခဲ့သည်။

Facebook Comments Box
Facebook Comment