ရင်းနက်စ်ဂိုးသမား မန်ဒီ ချဲလ်ဆီးနှင့် သဘောတူညီမှုရရှိ

ချဲလ်ဆီးသည် အမှားများနေသော စပိန်ဂိုးသမား ကီပါကို တွန်းအားဖြစ်စေရန်အတွက် ရင်းနက်စ်ဂိုးသမား မန်ဒီကိုခေါ်ယူရန် သဘောတူညီမှု ရယူလိုက်ပြီး မကြာမီ နာရီပိုင်းအတွင်း ဆေးစစ်ကာ စာချုပ်သွားမည်ဟု ဗြိတိန်မီဒီယာများက ဖော်ပြသည်။

ချဲလ်ဆီးသည် အသက် ၂၈ နှစ်အရွယ် ဆီနီဂေါလက်ရွေးစင် မန်ဒီအတွက် ပေါင် ၂၂ သန်း ပေးချေသွားမည်ဖြစ်ပြီး နည်းစနစ်ဒါရိုက်တာ ပီတာချက်က ယခုအပြောင်းအ ရွှေ့ ဖြစ်မြောက်လာရေးအတွက် အဓိက အခန်းကဏ္ဍမှ ဦးဆောင်ပါဝင်ခဲ့သည်။

ချဲလ်ဆီး၏ ဦးစားပေးဂိုးသမား ကီပါသည် လီဗာပူးလ်ကို ရှုံးနိမ့်ခဲ့သောပွဲတွင် အမှား ကျူးလွန်ခဲ့သောကြောင့် မာနေးက အလွယ်တကူ ဂိုးသွင်းသွားခဲ့ပြီး နည်းပြလမ်းပတ်ကမူ ၎င်းဘက်မှ ကာကွယ်ပြောကြားပေးခဲ့သည်။

သို့သော်လည်း ကီပါသည် ယမန်နှစ်ရာသီက အမှားအယွင်းများ လုပ်ခဲ့သောကြောင့် အာဆင်နယ်ကို ရှုံးနိမ့်ခဲ့သည့် အက်ဖ်အေဖလား ဗိုလ်လုပွဲတွင် ပွဲထွက်ခွင့်မရဘဲ လမ်းပတ်က အရန်ဂိုးသမား ကာဘယ်လီရိုကို ပွဲကစားခွင့် ပေးခဲ့သည်။

ထို့အတူ လာမည့်ဗုဒ္ဓဟူးတွင် ဘန်စလေနှင့် ကစားမည့် လိဂ်ဖလား အိမ်ကွင်းပွဲစဉ်တွင်လည်း ကာဘယ်လီရို ပွဲထွက်ခွင့် ရဖွယ်ရှိသည်ဟု ဆိုထားရာ မန်ဒီကိုပါ ထပ်ခေါ်မည့်သတင်းက ကီပါအတွက် ဖိအားတစ်ရပ် ထပ်တိုးလာသည့် သဘောလည်းဖြစ်သည်။

ယမန်နှစ်ရာသီ စွမ်းဆောင်မှုအရ မန်ဒီက ကစားခွင့်ရသည့် ပြင်သစ်လီဂူး ၂၄ ပွဲအနက် ဂိုးမပေးရသည့် ၉ ပွဲရှိကာ ပရီးမီးယားလိဂ် ၃၃ ပွဲတွင် ပေးဂိုးမရှိ ၈ ပွဲရှိသော ကီပါ ထက် စွမ်းဆောင်ရည် ပိုကောင်းသည်ကို တွေ့ရသည်။

ထို့အပြင် ဂိုးပေါက်ကာကွယ်နိုင်မှု ၇၆ ဒသမ ၃ ရာခိုင်နှုန်း၊ ၁၁၄ မိနစ်တွင် တစ်ဂိုးပေးရသော မန်ဒီက ဂိုးပေါက်ကာကွယ်နိုင်မှု ၅၃ ဒသမ ၅ ရာခိုင်နှုန်း၊ ၆၃ မိနစ်တွင် တစ်ဂိုးပေးရသော ကီပါထက် ပိုမိုသာလွန်နေသည်။

Ref:BBC

Facebook Comments Box
Facebook Comment