ယူရို ၄၅ သန်းဖြင့် အပြီးသတ် ခေါ်မည့် အချက်ဖြင့် မိုရာတာကို ဂျူဗင်တပ် အငှားဖြင့် ခေါ်ယူ

ဂျူဗင်တပ်သည် အက်သလက်တီကိုမက်ဒရစ် တိုက်စစ်မှူး အယ်ဗာရိုမိုရာတာကို ၁၂ လအငှားဖြင့် ခေါ်ယူလိုက်သည်။ စပိန်လက်ရွေးစင်တိုက်စစ်မှူးသည် တူရင်သို့ ဒုတိယအကြိမ် ရောက်လာခြင်းလည်း ဖြစ်သည်။

ဂျူဗင်တပ်သည် မိုရာတာအား ငှားရမ်းခအဖြစ် အက်သလက်တီကိုမက်ဒရစ်ကို ယူရို ၁၀ သန်းပေးရမှာ ဖြစ်ပြီး နောက်ထပ် တစ်ရာသီ အငှားဖြင့် ခေါ်ယူလိုပါက နောက်ထပ် ယူရို ၁၀ သန်းပေးရမည် ဖြစ်သည်။ ဂျူဗင်တပ်အနေဖြင့် ပထမအငှား ရာသီအပြီးတွင် မိုရာတာကို အပြီးသတ် ခေါ်ယူလိုပါက ယူရို ၄၅ သန်း ပေးရမည် ဖြစ်သည်။ သို့သော် ဂျူဗင်တပ်သည် ဒုတိယရာသီအဖြစ် အငှားဖြင့် မိုရာတာကို ဆက်ခေါ်ပြီး အပြီးသတ် ခေါ်ယူလိုပါက ယူရို ၃၅ သန်းပေးရမည် ဖြစ်သည်။ မည်သို့ ဆိုစေ ပီယာလို၏ဂျူဗင်တပ်အနေဖြင့် မိုရာတာကို အပြီးသတ် ခေါ်ယူမည်ဆိုပါက ယူရို ၅၅ သန်း အသုံးပြုရမည် ဖြစ်သည်။

မိုရာတာသည် ၂၀၁၄-၁၅ နှင့် ၂၀၁၅-၁၆ ရာသီတို့တွင် ဂျူဗင်တပ်၌ ကစားခဲ့ဖူးသူ ဖြစ်ပြီး စုစုပေါင်း ၂၇ ဂိုး သွင်းယူခဲ့ကာ ချန်ပီယံလိဂ် ဗိုလ်လုပွဲသို့ တက်ရောက်အောင် ကူညီခဲ့သူ ဖြစ်သည်။ သူသည် ဂျူဗင်တပ်တွင် ကစားသည့် နှစ်ရာသီအတွင်းတွင် စကူဒက်တိုဖလား ၂ ကြိမ်၊ ကိုပါအီတာလီယာဖလား ၂ ကြိမ်၊ အီတာလီယာစူပါဖလား ၁ ကြိမ် စုစုပေါင်း ဆုဖလား ၅ လုံး ဆွတ်ခူးနိုင်ခဲ့သည်။

သူသည် ဂျူဗင်တပ်မှ ထွက်ခွာပြီးနောက် ရီးရဲလ်မက်ဒရစ်သို့ ပြန်သွားခဲ့ပြီး တစ်ရာသီအကြာမှာ ချဲလ်ဆီးသို့ ပြောင်းခဲ့သည်။ သူသည် ချဲလ်ဆီးမှ အက်သလက်တီကိုသို့ ပြောင်းခဲ့ပြီး ပြီးခဲ့သည့် ရာသီတုန်းက လာလီဂါပွဲ ၃၄ ပွဲကစားခဲ့ရာတွင် ၁၂ ဂိုး သွင်းယူခဲ့သည်။

Facebook Comments Box
Facebook Comment