ယူရို သန်း ၇၀၀ ရရှိမှသာလျှင် မက်ဆီကို လက်လွှတ်သွားမည့် ဘာစီလိုနာ

ဘာစီလိုနာသည် လီယွန်နယ်မက်ဆီက ၎င်း၏အပြောင်းအရွှေ့နှင့်ပတ်သက်၍ ကလပ်ဘုတ်အဖွဲ့ တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ရန် တောင်းဆိုမှုအား ပယ်ချလိုက်ပြီး ၎င်းတို့အနေဖြင့် စာချုပ်ပါအချက်အတိုင်း‌ ပြောင်းရွှေ့ကြေး ယူရိုသန်း ၇၀၀ ရရှိမှသာလျှင် ထွက်ခွာခွင့်ပေးသွားမှာ ဖြစ်ကြောင်း သိရသည်။

မနေ့တုန်းက စပိန်တွင် ထွက်ပေါ်ခဲ့သည့် သတင်းများအရ မက်ဆီသည် ယခုနွေရာသီ ထွက်ခွာရေးနှင့်ပတ်သက်၍ ဘာစီလိုနာဘုတ်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးမှုပြုလုပ်ရန် ဆန္ဒရှိနေကြောင်း သိရသည်။

အသက် ၃၃ နှစ်ရှိ အာဂျင်တီးနားစတား၏စာချုပ်တွင် မည်သည့်ရာသီတွင်မဆို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာနိုင်မည့်အချက်ပါဝင်နေသော်လည်း ဇွန်လမတိုင်မီ အသင်းပြောင်းခွင့်အတွက် ကလပ်ကို အကြောင်းကြားရမည်ဖြစ်သည်။ သို့ရာတွင် မက်ဆီမှာ ဩဂုတ်လတွင်မှ အသင်းပြောင်းခွင့်ပေးရန် တောင်းဆိုခဲ့ရာ စာချုပ်ပါအချက်နှင့် ကိုက်ညီခြင်း မရှိချေ။

သို့ရာတွင် မက်ဆီက ၂၀၁၉-၂၀ ဘောလုံးရာသီမှာ ဩဂုတ်လအထိ ရှိနေရာ ဩဂုတ်လအထိ ယင်းစာချုပ်ပါအချက်မှာ အကျုံးဝင်သေးသည်ဟု ယုံကြည်နေသည်။ သို့ရာတွင် ဘာစီလိုနာဥက္ကဌဘာတိုမြူနှင့် ဘုတ်အဖွဲ့ဝင်များက ၎င်းတို့အနေဖြင့် မက်ဆီကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာခွင့်ပေးသွားမည်မဟုတ်ကြောင်းနှင့် မက်ဆီကို စာချုပ်သစ်ချုပ်ဆိုရေးအတွက်သာ ဆွေးနွေးရန် ရှိကြောင်း ဆိုထားသည်။

မက်ဆီအနေဖြင့် ဘာစီလိုနာမှ ထွက်ခွာခွင့်ရရှိရေးအတွက် တရားရုံးမှ တဆင့် ကြိုးပမ်းလာနိုင်သော်လည်း အောင်မြင်ဖွယ်မရှိဘဲ အခြားကလပ်တစ်ခုက ပြောင်းရွှေ့ကြေး ယူရို သန်း ၇၀၀ ပေးလာမှသာလျှင် အဆင်ပြေလာမည်ဖြစ်သည်။မက်ဆီသည် ဘာစီလိုနာတွင် ကစားသမားဘဝတစ်ခုလုံး ကုန်ဆုံးလာခဲ့သူဖြစ်ပြီး ၇၃၁ ပွဲကစားကာ ၆၃၄ ဂိုး သွင်းယူပေးထားသူဖြစ်သည်။

Facebook Comments Box
Facebook Comment