ယူရိုပါလိဂ်ဗိုလ်လုပွဲကစားနေချိန်တွင် ဆူဆို၏အိမ်ကို သူခိုးကပ်

သောကြာနေ့ညတုန်းက ဆီဗီလာက အင်တာမီလန်ကို ၃-၂ဖြင့် အနိုင်ရသည့်ပွဲကစားနေချိန်တွင် သူခိုးများသည် ဆီဗီလာတောင်ပံကစားသမားဆူဆို၏နေအိမ်ကို ဖောက်ထွင်းခိုးယူရန် ကြိုးပမ်းခဲ့ကြကြောင်း သိရသည်။

Marca သတင်းစာ၏ဖော်ပြချက်အရ သူခိုးများသည် ကိုလုံးတွင် ဆီဗီလာနှင့်အင်တာမီလန်တို့ ယူရိုပါလိဂ်ဖလားဗိုလ်လုပွဲအား တံခါးပိတ်ကစားနေစဉ် ဆူဆို၏နေအိမ်ကို ဖောက်ထွင်းခိုးရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သူခိုးနှစ်ဦးတို့က ဆူဆို၏နေအိမ်ကို ခိုးဝင်ရန် ကြိုးပမ်းနေချိန်တွင် ဆူဆို၏ဇနီးသည် အလီစီယာမှာ ကလေးနှစ်ဦးနှင့်အတူ ပွဲကို ရုပ်သံမှ ကြည့်ရှုနေချိန်လည်း ဖြစ်သည်။ ဆူဆို၏ဇနီးသည်သည် ပန်းခြံမှ ဆူညံသံထွက်ပေါ်လာပြီးနောက် မီးဖွင့်လိုက်ရာ သူခိုးများမှာ ထွက်ပြေးသွားခဲ့ကြသည်။ သူခိုးများကို စီစီတီဗွီလုံခြုံရေး ကင်မရာဖြင့် ရိုက်ကူးထားနိုင်ခဲ့သည်။

သူခိုးများသည် ကစားသမားများ ပွဲကြီး ကစားနေစဉ် နေအိမ်ကို ဖောက်ထွင်းခိုးယူသည့် အဖြစ်အပျက်များမှာ မကြာခဏဖြစ်လေ့ရှိနေသည်။ အီတလီတွင် ဖီအိုရင်တီးနားမှ ရီဘာရီ၏နေအိမ်ဖောက်ထွင်းခံခဲ့ရဖူးသလို စပိန်တွင်လည်း ဝီလီယံကာဗယ်ဟို၊ ဂျိုးအာကွင်းနှင့်ဟာနန်ဒက်ဇ်တို့၏နေအိမ်တို့ ဖောက်ထွင်းခံခဲ့ရဖူးသလို အင်္ဂလန်တွင်လည်း အမြောက်အမြားဖြစ်ခဲ့ဖူးပြီးဖြစ်သည်။

Ref: Marca

Facebook Comments Box
Facebook Comment