ယူရိုပါလိဂ်ဒုတိယဆုတံဆိပ်အား လူကာကူ လက်ခံရယူခဲ့ခြင်းမရှိ

အင်တာမီလန်တိုက်စစ်မှူးလူကာကူသည် ယူရိုပါလိဂ်ဖလားဗိုလ်လုပွဲတွင် ဆီဗီလာကို ရှုံးနိမ့်ပြီးနောက် ဒုတိယဆုတံဆိပ်အား လက်ခံရယူရန် ငြင်းဆန်ခဲ့ကြောင်း သိရသည်။

မန်ယူတိုက်စစ်မှူးဟောင်းသည် ပွဲချိန် ၅ မိနစ်တွင်ပင် ပင်နယ်တီမှတစ်ဆင့် အင်တာအတွက် ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့သော်လည်း သူ့ Own-Goal ကြောင့်ပင် အင်တာမီလန်မှာ ဆီဗီလာကို ၃-၂ဖြင့် ရှုံးနိမ့်ခဲ့သည်။

လူကာကူသည် ဒီယေဂိုကားလို့စ်၏နောက်ပြန်ကန်ချက်ကို တားဆီးရန် ကြိုးပမ်းစဉ် ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့ခြင်းလည်းဖြစ်သည်။ အမှန်တကယ်တွင် ဒီယေဂိုကားလို့စ် ကန်ချက်မှာ ဘေးထွက်ဘောဖြစ်ရန် သေချာနေသော်လည်း လူကာကူ၏တားဆီးမှုကြောင့် လမ်းကြောင်းပြောင်းကာ ဂိုးသွားခဲ့ခြင်းလည်း ဖြစ်သည်။ အစပိုင်းက ယင်းဂိုးကို ဒီယေဂိုကားလို့စ်၏ဂိုးအဖြစ်သတ်မှတ်ပေးခဲ့သော်လည်း နောက်ပိုင်းတွင် လူကာကူ၏ Own Goal အဖြစ် သတ်မှတ်ခဲ့သည်။

လူကာကူသည် ဗိုလ်လုပွဲတွင် အမှားကျူးလွန်ခဲ့သော်လည်း ဗိုလ်လုပွဲအထိ ယူရိုပါလိဂ်တွင် ၁၁ ပွဲဆက်တိုက် ဂိုးသွင်းယူပေးခဲ့ကာ ချန်ပီယံဆုရယူနိုင်လုနီးအနေအထားသို့ရောက်အောင် ကူညီခဲ့သူလည်းဖြစ်သည်။ ပွဲပြီးချိန်တွင် လူကာကူသည် ဆုပေးပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ခြင်းမရှိဘဲ ဒုတိယငွေတံဆိပ်ဆုကို လက်ခံရယူခဲ့ခြင်းမရှိချေ။

Ref: Daily Mail

Facebook Comments Box
Facebook Comment