ယူနိုက်တက်-အာဆင်နယ်ပွဲကို ကိုင်တွယ်ရန် မိုက်ဒိန်းအား ခန့်အပ်မှုကြောင့် နှစ်ဖက်ပရိသတ်များ စိုးရိမ်နေ

လာမည့်တနင်္ဂနွေနေ့တွင် မန်ချက်စတာယူနိုက်တက်က အာဆင်နယ်ကို ဧည့်ခံကစားရမည့် ပရီးမီးယားလိဂ်ပွဲစဉ်အား ကြီးကြပ်ရန် ဒိုင်လူကြီးအဖြစ် မိုက်ဒိန်းအား ခန့်အပ်လိုက်သည်။ ယင်းသို့ မိုက်ဒိန်းကို ခန့်အပ်လိုက်မှုကြောင့် ယူနိုက်တက်နှင့် အာဆင်နယ်ပရိသတ်များ အကြီးအကျယ် စိုးရိမ်ပူပန်မှုများ ဖြစ်လျက်ရှိသည်။

အသက် ၅၂ နှစ်ရှိ မိုက်ဒိန်းသည် ပွဲပေါင်း ၅၁၃ ပွဲ ကိုင်တွယ်ထားရာ၌ အနီကတ် ၁၀၅ ကတ်ဖြင့် အနီကတ်အများဆုံးပြသထားသည့် ဒိုင်အဖြစ် ရပ်တည်နေသည့် အပြင် ပင်နယ်တီ ၁၇၃ ကြိမ်ဖြင့် ပင်နယ်တီပေးမှု အများဆုံးဒိုင်အဖြစ်လည်း ရပ်တည်နေသူ ဖြစ်သည်။

အထူးသဖြင့် အာဆင်နယ်ပရိသတ်များသည် ယူနိုက်တက်၏ပင်နယ်တီ ရရှိမှု မှတ်တမ်းများကြောင့် မိုက်ဒိန်းအား ခန့်အပ်မှုအပေါ် စိုးရိမ်နေကြသည်။ ယူနိုက်တက်သည် နည်းပြဆိုးလ်ရှား လက်အောက်တွင် ပြိုင်ပွဲအရပ်ရပ်၌ ပင်နယ်တီ ၃၆ ကြိမ်အထိ ရရှိထားသည်။

မှတ်တမ်းများအရ ယူနိုက်တက်သည် ဒိုင်လူကြီး၏ မျက်နှာသာပေးမှုကြောင့် ၇၄ ပွဲတွင် ပွဲ ၄၀ အနိုင်ရရှိကာ ပင်နယ်တီ ၁၈ ကြိမ် ရရှိထားပြီး အာဆင်နယ်မှာ ၇၅ ပွဲတွင် ၃၆ ပွဲအနိုင်ရရှိကာ ပင်နယ်တီ ၆ ကြိမ်တည်းသာ ရရှိထားသည်။

မိုက်ဒိန်းသည် ယူနိုက်တက်နှင့် အာဆင်နယ်တို့ရင်ဆိုင်ကစားသည့် ပွဲ ၆ ပွဲကို ကိုင်တွယ်ဖူးပြီး နှစ်သင်းစလုံးအား အနီကတ် ၆ ကြိမ်စီ ပြသဖူးသည်။

မိုက်ဒိန်းကိုင်တွယ်သည့် ယူနိုက်တက်နှင့် အာဆင်နယ်ပွဲတွင် ယူနိုက်တက်က ၄ ကြိမ် အနိုင်ရရှိထားပြီး ၂ ကြိမ် သရေကျထားသည်။ ယူနိုက်တက်သည် ယင်းမှ နိုင်ပွဲ ၂ ပွဲကို ပင်နယ်တီကြောင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် အာဆင်နယ်ပရိသတ်နှင့် နောက်ခံလူများအနေဖြင့် စိုးရိမ်စရာ ဖြစ်နေသည်။

Facebook Comments Box
Facebook Comment