ယူနိုက်တက် ရလဒ်ဆိုးရွားမှုများအတွက် နည်းပြဆိုးလ်ရှား အပြည့်အဝ တာဝန်ယူ

အိုလီဂန်းနားဆိုးလ်ရှားက မန်ချက်စတာယူနိုက်တက်၏ ရာသီအစ ရလဒ်ဆိုးရွားမှု အတွက် မိမိတွင်ပင် အပြည့်အဝ တာဝန်ရှိကြောင်း ပြောကြားလိုက်သည်။ ဆိုးလ် ရှား ဦးဆောင်သည့် ယူနိုက်တက်သည် ပရီးမီးယားလိဂ်အဖွင့်ပွဲ ၃ ပွဲတွင် တစ်ပွဲ တည်းသာ အနိုင်ရရှိထားသည်။ ၎င်းတို့သည် နိုင်ငံတကာပွဲမတိုင်မီ ပရီးမီးယား လိဂ်နောက်ဆုံးပွဲတွင် အိုးထရက်ဖို့ဒ်၌ စပါးစ်ကို ၆-၁ ဖြင့် ရှုံးနိမ့်ခဲ့သည်။ ယူနိုက်တက်သည် ယနေ့ညတွင် နယူးကာဆယ်ကို ရင်ဆိုင်ကစားရမည် ဖြစ်သည်။

ယူနိုက်တက်၏ ရလဒ်ပိုင်း ဆိုးရွားမှုနှင့်အတူ ကစားသမားများ၏ တစ်ကိုယ်တော် ခြေစွမ်း မကောင်းမှုအတွက် ဝေဖန်နေရသလို ဆိုးလ်ရှားမှာလည်း ဖိအားများ ကြုံနေရသည်။ ဗြိတိန်မီဒီယာများက ဆိုးလ်ရှားမှာ ယခုလ တစ်လအတွင်းတွင် ကစားရမည့် ပွဲများ၌ ခြေစွမ်းပိုင်းနှင့် ရလဒ်ပိုင်း တိုးတက်လာခြင်း မရှိပါက ထုတ်ပယ်ခံရမည်ဟု သတင်းထွက်နေပြီး ပိုချက်တီနိုနှင့် အယ်လီဂရီတို့က ယူနိုက်တက်နည်းပြရာထူးအတွက် ရေပန်းစားနေသည်။

အခြားတစ်ဖက်မှာ ယူနိုက်တက် တာဝန်ရှိသူများက ဆိုးလ်ရှားကို ထုတ်ပယ်ရန် စဉ်းစားခြင်း မရှိသေးဘဲ အချိန်အပြည့်အဝပေးသွားရန် စီစဉ်ထားကြောင်း သိရသည်။

ယခုအခါ ဆိုးလ်ရှားက “ကျွန်တော်က မန်နေဂျာ ဖြစ်တာကြောင့် ကျွန်တော့်ကိုဘဲ ဝေဖန်သင့်ပါတယ်။ ကျွန်တော့်မှာဘဲ တာဝန်ရှိတာပါ။ ကျွန်တော်ဘဲ တာဝန်ခံပါတယ်”ဟု ပြောကြားခဲ့သည်။

ထို့အပြင် ဆိုးလ်ရှားက သူ၏အသင်းနှင့် နည်းပြအဖွဲ့ဝင်များတွင် ဝေဖန်မှုများကို ကျော်ဖြတ်နိုင်သည့် စိတ်ဓာတ်ကြံ့ခိုင်မှုပိုင်း ရှိကြောင်း ပြောကြားလိုက်သည်။

ဆိုးလ်ရှားက “ယူနိုက်တက်ကစားသမားတစ်ဦးဖြစ်တယ်၊ နည်းပြအဖွဲ့ဝင်တစ်ဦးဆိုရင် ဝေဖန်မှုကို ကျော်လွှားနိုင်မယ့် စိတ်ဓာတ်ပိုင်ဆိုင်ရပါမယ်။ စိတ်ဓာတ်သန်မာဖို့ လိုပါတယ်။ ကျွန်တော့်အတွက်က တော့ ဒီအခြေအနေက ကိုယ့်ကိုယ်ကို သက်သေပြနိုင်မယ့် နောက်ထပ် အခွင့်အရေး တစ်ခု ဖြစ်ပါတယ်။ ကစားသမားတွေကို ကျွန်တော်တို့ အသင်းအပေါ် ဘယ်လောက် ယုံကြည်မှု ရှိတယ်ဆိုတာ ပြောလိုက်ပါ။ အခု လာမယ့်ပွဲ (နယူးကာ ဆယ်)ကိုဘဲ အာရုံစိုက်နေပါတယ်။ သူတို့ ရလဒ်ကောင်း ရယူပြီး ဇယားထိပ်သို့ တက်နိုင်မှာကို သိပါတယ်”ဟု ပြောကြားခဲ့သည်။

ဆိုးလ်ရှားသည် ပြီးခဲ့သည့် စပါး်စကို ၆-၁ ဂိုးဖြင့် ရှုံးနိမ့်သည့်ပွဲစဉ်၏ ပထမပိုင်းတွင် ဖာနန်ဒက်စ်နှင့် အချင်းများခဲ့ကြောင်း ထွက်ခဲ့သူ ဖြစ်သည်။ သို့ရာတွင် ဆိုးလ်ရှားက ယင်းသတင်းမှာ ယူနိုက်တက်အသင်းအတွင်း စိတ်ဝမ်းကွဲအောင် ပြုလုပ်လိုနေသည့် ကလပ်အပြင်မှ လူများ၏ လိမ်လည် လုပ်ဆောင်မှုတစ်ခုမျှသာ ဖြစ်ကြောင်း ပြောကြားလိုက်သည်။

Facebook Comments Box
Facebook Comment