ယူနိုက်တက်၏ အနေအထားကို သုံးသပ်ရန် စောလွန်းနေဟု ဘာဘာတော့ဗ် သုံးသပ်

မန်ချက်စတာ ယူနိုက်တက်သည် စပါးအား အံ့အားသင့်ဖွယ် ဂိုးပြတ်ရှုံးနိမ့်ပြီးနောက်ပိုင်း ပြိုင်ပွဲစုံ ၄ ပွဲဆက် ရှုံးပွဲမရှိတော့ဘဲ ရလဒ်ကောင်းများ ရယူထားသော်လည်း ၎င်းတို့၏ အနေအထားအပေါ် သုံးသပ်ရန် စောနေသေးကြောင်း တိုက်စစ်မှူးဟောင်း ဒီမီတာဘာဘာတော့ဗ်က ပြောသည်။

ဆိုးလ်ရှား၏ ယူနိုက်တက်သည် အောက်တိုဘာ ၄ ရက် အိုးလ်ထရက်ဖို့ဒ်တွင် နည်းပြဟောင်း မော်ရင်ညို၏ စပါးကို ၆-၁ ဂိုးဖြင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီး ရာသီအစ လိဂ် ၃ ပွဲတွင် အိမ်ကွင်းရှုံးပွဲ ၂ ပွဲအထိ ရှိခဲ့သောကြောင့် ဝေဖန်ခံခဲ့ရသည်။

ထို့ကြောင့် နည်းပြဆိုးလ်ရှား၏ အနာဂတ်အပေါ် ရိုက်ခတ်မှု ကြီးမားခဲ့သော်လည်း နောက်ကစားသော ၄ ပွဲတွင်မူ ယူနိုက်တက်သည် ရလဒ်ကောင်းများ ရယူကာ နယူးကာဆယ်၊ ပီအက်စ်ဂျီ၊ လိုက်ပ်ဇစ်တို့အား အနိုင်ရခဲ့သလို ချဲလ်ဆီးနှင့် ဂိုးမရှိ သရေကျခဲ့သည်။

ချန်ပီယံလိဂ် အုပ်စုအဆင့်တွင် ၂ ပွဲဆက် အနိုင်ရထားသောကြောင့် ၁၆ သင်း ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ရန် အခြေအနေ ကောင်းနေသော်လည်း ဥရောပနှင့် ပရီး မီးယားလိဂ်တို့တွင် ဗိုလ်စွဲမည်ဟု ပြောနိုင်ရန် စောလွန်သေးသည်ဟု လေဗာကူဆင်၊စပါး၊ မန်ယူနိုက်တက်၊ ဖူလ်ဟမ်၊ မိုနာကိုတို့တွင် ကစားဖူးသော ဘာဘာတော့ဗ်က သုံးသပ်သည်။

ယူနိုက်တက်တွင် ၄ ရာသီကြာ ကစားစဉ်အတွင်း ပြိုင်ပွဲစုံ ၅၆ ဂိုးသွင်းကာ ပရီးမီးယားလိဂ် ၂ ကြိမ် ရယူဖူးသော ၃၉ နှစ်အရွယ် ဘာဘာတော့ဗ်က “လူတိုင်းက ယူနိုက်တက်ဟာ လိုက်ပ်ဇစ်ကို ခက်ခက်ခဲခဲ ကစားရလိမ့်မယ်လို့ ထင်ခဲ့တယ်။ ဒါပေမဲ့ သူတို့ ကစားတာက တကယ်ကို ကောင်းမွန်ခဲ့ပြီး စွမ်းဆောင်ရည်ကလည်း ဘာမှပြောစရာ မရှိအောင် ပြီးပြည့်စုံခဲ့တယ်။

ဖိအားပေးဖို့ လိုရင် ဖိအားပေးတယ်။ တိုက်စစ်ကစားတော့လည်း ကောင်းတာပဲ။ ဘောလုံး ပေးပို့မှုတွေလည်း ကောင်းတယ်။ အသင်းအတွက် ကောင်းမွန်တဲ့ ညတစ်ညပါပဲ။ သူတို့ ဥရောပမှာ ဘာကြောင့် ဒီလောက်အထိ ကောင်းနေတာလဲဆိုတာ သိဖို့ ခက်ခဲပါတယ်။

ဒါပေမဲ့ ပရီးမီးယားလိဂ်မှာတော့ ယူနိုက်တက်ရဲ့ခြေစွမ်းက အထင်ကြီးစရာတော့ မရှိပါဘူး။ ပြိုင်ပွဲနှစ်ခုလုံးက မတူတော့ ပြောရခက်တယ်။ လက်ရှိမှာတော့ ပရီးမီးယားလိဂ် ဒါမှမဟုတ် ချန်ပီယံလိဂ်မှာ ယူနိုက်တက် ဗိုလ်စွဲမလားဆိုတာ သုံးသပ်ဖို့က စောလွန်းပါသေးတယ်။

ခြေစွမ်း တစ်သမတ်တည်းဖြစ်အောင် လုပ်ဖို့လိုပါတယ်။ နိုင်ပွဲတွေ ပုံမှန်ရဖို့လည်း လိုပါတယ်” ဟု ပြောသည်။

Ref:Metro

Facebook Comments Box
Facebook Comment