ယူနိုက်တက်၏ ချဉ်းကပ်မှု ခံခဲ့ရကြောင်း ဝုဗ်စတား ရာအူးလ်ဂျေမီနက်ဇ် အတည်ပြု

ရာအူးလ်ဂျေမီနက်ဇ်က နွေရာသီ အပြောင်းအရွှေ့ကာလတုန်းက မန်ချက်စတာယူနိုက်တက်၏ ချဉ်းကပ်မှုခံခဲ့ရကြောင်းနှင့် အနာဂတ်တွင် အိုးထရက်ဖို့ဒ်သို့ ပြောင်းရွှေ့သွားနိုင်ကြောင်း ပြောကြားလိုက်သည်။

မက္ကဆီကိုလက်ရွေးစင်သည် ၂၀၁၉-၂၀ ရာသီတွင် ဝုဗ်အတွက် ပြိုင်ပွဲအရပ်ရပ်၌ ၂၇ ဂိုးသွင်းယူနိုင်ခဲ့သည်။ နွေရာသီတုန်းက မန်ချက်စတာယူနိုက်တက်နည်းပြဆိုးလ်ရှားသည် တိုက်စစ်ကို အားဖြည့်လိုနေခဲ့ရာ ရာအူးလ်ဂျေမီနက်ဇ်ကို ဆက်သွယ်မှု ပြုလုပ်ခဲ့သည်။ သို့ရာတွင် ယူနိုက်တက်သည် အပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးရက်တွင် ဝါရင့်တိုက်စစ်မှူး ကာဗာနီကိုသာ ခေါ်ယူခဲ့သည်။

ဂျေမီနက်ဇ်သည် အနာဂတ်တွင် ဝုဗ်မှ ထွက်ခွာနိုင်ကြောင်း သတင်းများစွာ ထွက်ပေါ်ခဲ့သော် လည်း အောက်တိုဘာလတုန်းက ဝုဗ်နှင့် ၃ နှစ်ခွဲ စာချုပ်ချုပ်ဆိုခဲ့သည်။

၎င်းက “တစ်နေ့ အိပ်ယာက နိုးတော့ ဂျူဗင်တပ်နဲ့ မန်ချက်စတာယူနိုက်တက်တို့က အလိုရှိနေကြောင်း သိခဲ့ရပါတယ်။ သူတို့တတွေရဲ့ ချဉ်းကပ်မှုတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် သဘောတူညီမှု မရရှိခဲ့ပါဘူး။ ဘယ်အပြောင်းအရွှေ့မှ နီးစပ်တဲ့အနေအထားသို့ မရောက်ခဲ့ပါဘူး။ ကျွန်တော်ကလည်း ဝုဗ်မှာ အရမ်း ပျော်နေပါတယ်။ ဝုဗ်ဗာဟမ်တန်မှာ ပျော်နေတယ်ဆိုတာ အမှန်ပါပဲ။ အားလုံးအဆင်ပြေနေတဲ့ကလပ်က နေရာမှား မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော့်ခြေစွမ်းနဲ့ပတ်သက်ပြီး အားရကျေနပ်မှု မရှိပါဘူး။ ဒီထက် ပိုကောင်းအောင် ကြိုးစားသွားပါမယ်။ အခုအချိန်မှာ အပြောင်းအရွှေ့မဖြစ်လာပေမယ့် တစ်ချိန်ကျရင် ဖြစ်လာနိုင်ပါသေးတယ်။ ဒါပေမယ့် အခုဝုဗ်မှာ အရမ်းပျော်နေပါတယ်။ အရေးပါတဲ့ကစားသမားတစ်ဦးအဖြစ်လည်း သတ်မှတ်ခံထားရပါတယ်”ဟု ပြောကြားသွားသည်။

ဂျေမီနက်ဇ်သည် ယခုရာသီတွင် ဝုဗ်အတွက် ၄ ဂိုးသွင်းယူကာ ဝုဗ်အား အမှတ်ပေးဇယားအဆင့် ၉ နေရာတွင် ရပ်တည်နိုင်‌အောင် ကူညီထားသည်။

ဂျေမီနက်ဇ်သည် ၂၀၁၉ ခုနှစ်၊ နွေရာသီတွင် ဘင်ဖီကာမှ ဝုဗ်သို့ ပြောင်းရွှေ့ကြေး ယူရိုသန်း ၃၀ ဖြင့် ပြောင်းလာသူ ဖြစ်သည်။

Facebook Comments Box
Facebook Comment