ယူနိုက်တက်၏ ကျောနံပါတ် ၇ ကျိန်စာကို ကာဗာနီ မကြောက်

အက်ဒင်ဆင် ကာဗာနီက မန်ချက်စတာယူနိုက်တက်၏ ကျောနံပါတ် ၇ ကျိန်စာကို မကြောက်လန့်ကြောင်း ပြောကြားလိုက်သည်။ ဥရုဂွေးတိုက်စစ်မှူးသည် အပြောင်းအရွှေ့ဈေးကွက် နောက်ဆုံးရက်တွင် ယူနိုက်တက်သို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းလာခဲ့သူဖြစ်ပြီး ယူနိုက်တက်၌ ကျောနံပါတ် ၇ ကို ဝတ်ဆင်မည် ဖြစ်သည်။

မန်ချက်စတာယူနိုက်တက်၏ကျောနံပါတ် ၇ ကို ဂန္ထဝင်ကစားသမားများဖြစ်ကြသည့် ဂျော့ဘက်စ်၊ အဲရစ်ကန်တိုနာ၊ ဒေးဗစ်ဘက်ဟမ်း၊ ခရစ္စတီယာနိုရော်နယ်ဒိုတို့ ဝတ်ဆင်ခဲ့သည်။

သို့ရာတွင် ခရစ္စတီယာနိုရော်နယ်ဒို နောက်ပိုင်းတွင် ကျောနံပါတ် ၇ ကို ဝတ်ဆင်ခဲ့သည့် မည်သည့် ယူနိုက်တက်ကစားသမားမျှ အောင်မြင်မှု မရရှိခဲ့ချေ။ အထူးသဖြင့် ကျောနံပါတ် ၇ ကို နောက်ဆုံး ဝတ်ဆင်ခဲ့သည့် အလက်ဆစ်ဆန်းချက်ဇ်မှာ ယူနိုက်တက်တွင် အဆိုးရွားဆုံး ဖြစ်ခဲ့သည်။ ထို့အပြင် ဆန်းချက်ဇ်မတိုင်မီ မိုက်ကယ်အိုဝင်၊ အိန်ဂျယ်ဒီမာရီယာ၊ မက်ဖစ်ဒီပေးတို့မှာလည်း အိုးထရက်ဖို့၌ အောင်မြင်မှု မရရှိခဲ့ချေ။

သို့ရာတွင် ကာဗာနီက “ဒါက စိတ်လှုပ်ရှားဖို့ကောင်းတဲ့ စိန်ခေါ်မှုပါ။ ဒီကျောနံပါတ်အတွက် ကျွန်တော့်ဘက်က တုံ့ပြန်မှု ရှိရပါမယ်။ ကျွန်တော့်ဘက်က ဒီကျောနံပါတ်ကို အကောင်းဆုံးချန်ထားခဲ့နိုင်ဖို့ အကောင်းဆုံးအဆင့်မှာ ကစားနိုင်ဖို့အတွက် အစွမ်းကုန်ကြိုးစားသွားပါမယ်”ဟု ပြောကြားခဲ့သည်။

အက်ဒီဆင်ကာဗာနီအတွက် ကျောနံပါတ် ၇ မှာ စိမ်းသည့် နံပါတ်မဟုတ်ချေ။ သူသည် ဥရုဂွေးအသင်းတွင် ကျောနံပါတ် ၇ ကို ဝတ်ဆင်ကစားနေသလို ပါလာမိုနှင့် နာပိုလီတို့တွင်လည်း ကျောနံပါတ် ၇ ကို ဝတ်ဆင်ကစားခဲ့သူ ဖြစ်သည်။

ကာဗာနီက “အင်မတန်ကြီးကျယ်တဲ့နံပါတ်ပါ။ ဒါပေမယ့် ရိုးရိုးသားသားပြောရရင် ကျောနံပါတ်က ကွင်းပြင်ပမှာဘဲ အရေးကြီးပါ။ ကွင်းထဲသို့ ရောက်တဲ့အချိန်မှာ ဘယ်ကျောနံပါတ် ဝတ်ဝတ် အရေးမကြီးတော့ပါဘူး။ ကျောနံပါတ်က လွှမ်းမိုးမှု မရှိပါဘူး။ ဒီကလပ်နဲ့ ဒီနိုင်ငံမှ အရမ်းကောင်းတဲ့ ကစားသမားအချို့ ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၇ ကို ဝတ်ဆင်ရမှာ ဖြစ်လို့ ကျွန်တော့်ဘက်က အကောင်းဆုံးလုပ်ပြရပါမယ်။ ကျွန်တော်က စိန်ခေါ်မှုတွေနဲ့ ပျော်နေသူပါ။ ကျွန်တော်မတိုင်ခင် ဝတ်ဆင်ခဲ့တဲ့ ကစားသမားကြီးတွေလိုဘဲ အမှတ်ရစရာတွေနဲ့ ချန်ထားနိုင်ဖို့ ကြိုးစားသွားပါမယ်”ဟု ပြောကြားခဲ့သည်။

Facebook Comments Box
Facebook Comment