ယူနိုက်တက်၏အပြောင်းအရွှေ့ဈေးကွက် လှုပ်ရှားမှုကို ဆိုးလ်ရှား ကာကွယ်

မန်ချက်စတာယူနိုက်တက် နည်းပြ ဆိုးလ်ရှားသည် ယခုနွေရာသီ ယူနိုက်တက်၏ အပြောင်းအရွှေ့ဈေးကွက် လှုပ်ရှားမှုအား ဝေဖန်နေမှုများ အပေါ် ကာကွယ် ပြောကြားလိုက်ပြီး ယင်းမှာ ဒွန်နီဗန်ဒီဘိခ်အား မလေးမစား ပြောဆိုနေခြင်း ဖြစ်ကြောင်း ပြောကြားလိုက်သည်။

ယူနိုက်တက်သည် ယခုနွေရာသီတွင် တစ်ခုတည်းသော ခေါ်ယူ အားဖြည့်မှု အနေဖြင့် အေဂျက်စ်မှ နယ်သာလန်လက်ရွေးစင် အလယ်တန်း ကစားသမားဗန်ဒီဘိခ် တစ်ဦးတည်းကိုသာ ပေါင်သန်း ၄၀ ဖြင့် ခေါ်ယူထားသည်။ ၎င်းတို့သည် အပြောင်းအရွှေ့နံပါတ်တစ် ပစ်မှတ်အဖြစ် ဆန်ချိုကို ခေါ်ယူရေး ကြိုးပမ်းနေသော်လည်း ဈေးကွက်ပိတ်ရန် တစ်ပတ်ကျော်ကျော်မျှသာ လိုတော့သည့် အထိ ထူးခြားလာခြင်း မရှိသေးချေ။

ဆိုးလ်ရှားသည် အောက်တိုဘာလ ၅ ရက်နေ့ အပြောင်းအရွှေ့ဈေးကွက် မပိတ်မီ ကစားသမားသစ် နှစ်ဦး (သို့မဟုတ်) သုံးဦး ခေါ်ယူရန် မျှော်လင့်နေသည်။ ယူနိုက်တက်က ကစားသမားတစ်ဦးတည်းသာ ခေါ်ယူထားရသေးသည့်အချိန်တွင် ပရီးမီးယားလိဂ် ပြိုင်ဘက်ကလပ်များ ဖြစ်ကြသည့် ချဲလ်ဆီး၊ လီဗာပူး၊ မန်စီးတီးတို့က ကစားသမား များစွာ အားဖြည့်လျက် ရှိကြသည်။

ဆိုးလ်ရှားက “ကစားသမားတစ်ဦးတည်းဘဲ ခေါ်ယူအားဖြည့်ထားတယ်လို့ ပြောလိုက်တာ ဒွန်နီ (ဗန်ဒီဘိခ်)ကို မလေးမစား ပြောလိုက်တာနဲ့ အတူတူပဲ။ ဘာကြောင့်လဲ ဆိုတော့ သူက ထိပ်တန်းကစားသမားတစ်ဦးပါ။ သူ့ကြောင့် အသင်းများစွာ တောင့်တင်းလာပါတယ်။ အရေးအကြီးဆုံးကတော့ ကျွန်တော်တို့က ကိုယ့်ကိုယ်ကို အာရုံစိုက်နေဖို့ ဖြစ်ပါတယ်။ ကလပ်တိုင်း ကလပ်တိုင်းမှာ ခံစားချက်နဲ့ လုပ်ဆောင်မှုက ကွဲပြားပါတယ်။ ကျွန်တော်တို့ကလည်း ပြိုင်ဆိုင်နိုင်တဲ့ အသင်းတစ်သင်း ဖြစ်လာဖို့ ကြိုးစားနေပါတယ်”ဟု ပြောကြားခဲ့သည်။

ဗန်ဒီဘိခ်သည် ခရစ္စတယ်ပဲလေ့စ်နှင့် ပရီးမီးယားလိဂ်ပွဲတွင် ယူနိုက်တက်အတွက် ပထမဆုံးပွဲကို ကစားခဲ့ပြီး ဂိုးသွင်းယူနိုင်ခဲ့သည်။ သူသည် ယူနိုက်တက်အတွက် ပွဲချိန်ပြည့် ကစားသည့် ပထမဆုံးပွဲအဖြစ် လူတန်နှင့်ပွဲတွင် ကစားခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့သည်။ သူသည် ယနေ့ညတွင် ဘရိုက်တန်နှင့်ကစားမည့်ပွဲစဉ်၌ ပရီးမီးယားလိဂ်တွင် ပထမဆုံးအကြိမ်အဖြစ် ပွဲထွက်ကစားဖွယ်ရှိနေသည်။

ထို့အပြင် ဆိုးလ်ရှားက ယခုရာသီတွင် အလယ်တန်းကစားသမားများ ဂိုးများစွာ သွင်းယူကာ မာရှယ်၊ ဂရင်းဝုဒ်နှင့် ရပ်ရှ်ဖို့ဒ်၏ ဂိုး ဝန်ထုပ်ဝန်ပိုးကို လျှော့ချနိုင်ရန် မျှော်လင့်ကြောင်းလည်း ပြောကြားသွားသည်။

ဆိုးလ်ရှားက “ကျွန်တော်တို့မှာ ဂိုး ၆၀ နဲ့အထက် သွင်းနိုင်တဲ့ တိုက်စစ်သမားသုံးဦး ရှိပါတယ်။ ပင်နယ်တီနဲ့ဖရီးကစ်ကနေ ဘရူနို ဂိုး ဘယ်လောက်သွင်းခဲ့လဲ မမှတ်မိတော့ပါဘူး။ ကျွန်တော်တို့မှာ အလွတ်တည်ကန်ဘောကနေ ဂိုးများစွာ သွင်းနိုင်ဖို့ လိုပါတယ်။ သူက လိဂ်မှာ အလွတ်တည်ကန်ဘောကနေ တဆင့် ဂိုး သွင်းနိုင်တဲ့ အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးပါ။ အလွတ်တည်ကန်ဘောကနေ ဂိုးဘယ်လောက်ရမလဲ၊ အလယ်တန်းကနေ ဂိုးတွေ ဘယ်လောက် သွင်းလာနိုင်သလဲ။ အဲဒီဂိုးတွေကြောင့် ကျွန်တော်တို့ နောက်ထပ် အမှတ်တွေ ရရှိနိုင်ပါတယ်။ အမှတ်တွေ ပိုရရှိလာဖို့ သူတို့တွေရဲ့ သွင်းဂိုးတွေ လိုပါတယ်။ ဒွန်နီနဲ့ပေါလ်(ပေါ့ဘာ)တို့က ဂိုးတွေ အများကြီး သွင်းနိုင်တဲ့သူတွေပါ။ ဂျီးဆပ်စ် (လင်ဂတ်)၊ ဂျူအန် (မာတာ)၊ ဒန်ဂျိမ်းစ်တို့ကလည်း ဂိုးတွေ သွင်းနိုင်ပါတယ်” ဟု ပြောကြားသွားသည်။

Facebook Comments Box
Facebook Comment