ယူနိုက်တက်သို့ မရောက်မီ လီဗာပူးလ်ကို ပြောင်းရွှေ့ရန် ရော်နယ်ဒို နီးစပ်ခဲ့

လီဗာပူးလ် လက်ထောက်နည်းပြဟောင်း ဖီးလ်သွန်မဆင်က ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတစ်ဦးဖြစ်သူ ရော်နယ်ဒိုကို ပေါင် ၄ သန်းဖြင့် ခေါ်ယူရန် အလွန်နီးစပ်ခဲ့သော်လည်း မဟာပြိုင်ဘက် မန်ယူနိုက်တက်က ကြားဖြတ်ခေါ်ယူခဲ့ကြောင်း ပြောကြားလိုက်သည်။

လီဗာပူးလ်နည်းပြ ဟူလီယေးသည် ပေါ်တိုနှင့် ရော်နယ်ဒိုပါဝင်သော စပို့တင်းလစ္စဘွန်းတို့ ပွဲစဉ်အား ကြည့်ရှုခဲ့ပြီးနောက် ရော်နယ်ဒို၏ပါရမီကို သဘောကျကာ ၎င်း၏ လက်ထောက် ဖီးလ်သွန်မဆင်ကို ပေါ်တူဂီသို့ စေလွှတ်ကာ အပြောင်းအရွှေ့အတွက် ဆွေးနွေးခိုင်းခဲ့သည်။

သွန်မဆင်သည် ပေါ်တူဂီသို့သွားကာ ဘောလုံးအေးဂျင့် တိုနီဟင်နရီနှင့် ညစာသုံးဆောင်ပြီး ရော်နယ်ဒိုကို အန်ဖီးလ်သို့ ခေါ်ယူနိုင်ရေးအတွက် ပြောင်းရွှေ့ကြေး၊ လစာ ငွေအပါအဝင် အခြားအကြောင်းအရာများ ဆွေးနွေးခဲ့သည်။

သွန်မဆင်က “တိုနီရဲ့စကားတွေကို ကျွန်တော် အတိအကျ မှတ်မိနေသေးတယ်။ အား လုံးကောင်းတယ်။ စာချုပ်သက်တမ်း ၄ နှစ်အတွက် ပေါင် ၄ သန်းပေးရမယ်။

ဒီဈေးက မျှတပြီး ထိုက်သင့်တဲ့တန်ကြေးပဲ။ နောက်ပြီး လစာကိစ္စမေးတော့ တိုနီက တစ်နှစ်ကို ပေါင် ၁ သန်းပေးရမယ်လို့ ပြောတယ်” ဟု ဖွင့်ဟသည်။

သွန်မဆင်နှင့် တိုနီဟင်နရီတို့သည် အသက် ၁၈ နှစ်အရွယ် ရော်နယ်ဒိုကို ပေါင် ၄ သန်းဖြင့် ခေါ်ယူရန် သဘောတူညီမှု ရယူနိုင်ခဲ့သော်လည်း ကစားသမား၏ ပုဂ္ဂလိက
ပိုင်းဆိုင်ရာ အချက်အလက်များအတွက်မူ အပြီးသတ် ဆွေးနွေးခဲ့ခြင်း မရှိပေ။

ထို့နောက် သွန်မဆင်သည် အင်္ဂလန်သို့ ပြန်လာကာ ဟူလီယေးအား ရော်နယ်ဒိုကို ပေါင် ၄ သန်းဖြင့် ခေါ်ယူနိုင်တော့မည်ဟု အသိပေးခဲ့သည်။

သို့သော်လည်း ၂၀၁၃ သြဂုတ်လအတွင်း အခြေအနေက လုံးဝပြောင်းလဲကာ လီဗာပူးလ်အပြင် ဘာစီလိုနာ၊ ဂျူဗင်တပ်စ်၊ အာဆင်နယ်တို့ကလည်း စိတ်ဝင်စားနေသော ရော်နယ်ဒိုကို ယူနိုက်တက်က လီဗာပူးလ်ကပေးမည့် ပေါင် ၄ သန်း၏ သုံးဆကျော်ဖြစ် သော ပေါင် ၁၂.၂ သန်းဖြင့် မန်ချက်စတာသို့ ခေါ်ယူနိုင်ခဲ့သည်။

ထိုအခြေအနေနှင့် ပတ်သက်၍ အသက် ၆၆ နှစ်အရွယ် အင်္ဂလန်နောက်ခံလူဟောင်း သွန်မဆင်က “အင်္ဂါနေ့မနက်ပိုင်းမှာ လေ့ကျင့်ရေးကွင်းထဲ မနက်စာစားနေတုန်း Sky Sports က အဝါရောင်လိုင်းနဲ့ “မန်ချက်စတာယူနိုက်တက်က ခရစ္စတီယာနိုရော်နယ်ဒိုကို ပေါင် ၁၂.၂ သန်းနဲ့ ခေါ်ယူလိုက်ပြီ” ဆိုပြီး စာတန်းထိုး ကြေညာတာကို တွေ့လိုက်ရတယ်။

ဟူလီယေးရော၊ ကျွန်တော်ပါ အစားမစားနိုင်အောင် ဆို့နင့်သွားတယ်။ ဟူလီယေး ထခုန်ပြီး ပြောတာကို မှတ်မိသေးတယ်။ “ဟာ သွားပါပြီ။ အဲဒီမှာ ဘာတွေဖြစ်ကုန်တာလဲဆိုပြီး” ပြောခဲ့တာပါ” ဟု ပြောသည်။

Ref:dailymail

Facebook Comments Box
Facebook Comment