ယူနိုက်တက်သို့ ပြောင်းခဲ့သည့် ဗန်ဒီဘိခ်ကို ဗန်ဘက်စတန် ဝေဖန်

နယ်သာလန်နည်းပြဟောင်းမာကိုဗန်ဘက်စတန်သည် မန်ချက်စတာယူနိုက်တက်သို့ ပြောင်းခဲ့သည့် ဒွန်နီဗန်ဒီဘိခ်၏ ဆုံးဖြတ်ချက်ကို မေးခွန်းထုတ်လိုက်သည်။ အသက် ၂၃ နှစ်ရှိ နယ်သာလန်လက်ရွေးစင်သည် နွေရာသီ အပြောင်းအရွှေ့တွင် အေဂျက်စ်မှ ယူနိုက်တက်သို့ ပေါင် ၄၁ သန်းဖြင့် ပြောင်းခဲ့သူ ဖြစ်သည်။

သို့ရာတွင် သူသည် ယူနိုက်တက်တွင် ပရီးမီးယားလိဂ်ပွဲတစ်ပွဲမျှ ပွဲထွက်ခွင့် မရရှိသေးသလို စနေနေ့တုန်းက ချဲလ်ဆီးနှင့် ဂိုးမရှိသရေကျသည့်ပွဲတွင် လူစားဝင်ကစားခွင့်ပင် မရရှိခဲ့ချေ။

စနေနေ့က ယူနိုက်တက်နှင့် ချဲလ်ဆီးတို့ ဂိုးမရှိသရေကျသည့်ပွဲအပြီးတွင် ယူနိုက်တက်ကစားသမားဟောင်းများ ဖြစ်ကြသည့် အီဗရာနှင့် ဂယ်ရီနဗီးလ်တို့က ဆိုးလ်ရှားမှာ ဗန်ဒီဘိခ်ကို မလိုအပ်ဘဲ ဝယ်ယူထားခြင်းဖြစ်ကြောင်း ဝေဖန်ပြောကြားခဲ့ကြသည်။ ယခုအခါ နယ်သာလန်ဂန္ထဝင်တိုက်စစ်မှူးကလည်း ဗန်ဒီဘိခ်အနေဖြင့် ယူနိုက်တက်သို့ မပြောင်းခဲ့သင့်ဘဲ ပုံမှန်ကစားခွင့် ရရှိမည့် အသင်းသို့ ပြောင်းခွင့် ရရှိရေးကိုသာ စောင့်ဆိုင်းနေခဲ့သင့်ကြောင်း ပြောကြားလာသည်။

ဗန်ဘက်စတန်က “ကောင်လေးတစ်ယောက်အတွက် တစ်နှစ်မှာ ခြောက်ပွဲ၊ ခုနှစ်ပွဲ လောက်ဘဲ ကစားရမယ်ဆိုတာ အလွန်ဆိုးရွားလှပါတယ်။ ကိုယ့်ရဲ့ခြေစွမ်းကို အရမ်းထိခိုက်စေပါတယ်။ အများကြီး သင်ယူနိုင်တယ်ဆိုပေမယ့် ဘယ်နေရာမှာ ကစားရမလဲဆိုတာကိုလည်း ရှိဖို့လိုအပ်ပါတယ်။ တကယ်တော့ သူကိုယ်တိုင်က မန်ချက်စတာယူနိုက်တက်သို့ မပြောင်းခဲ့သင့်တာပါ။ သူ့အနေနဲ့ အခြားကလပ်တစ်ခုကို စောင့်ဆိုင်းနေခဲ့သင့်တယ်။ အပတ်တိုင်း ပွဲကစားရဖို့ လိုပါတယ်။ ဒီလို ကလပ်တစ်ခုမှာ ကစားရတာ ကစားသမားဘဝအတွက် ဆိုးရွားလှပါတယ်” ဟု ပြောကြားခဲ့သည်။

ပြီးခဲ့သည့်လတုန်းကလည်း ဗန်ဒီဘိခ်၏ အေးဂျင့်သည် ပွဲကစားခွင့် ရရှိမှု နည်းပါးမှုအတွက် ဆိုးလ်ရှားနှင့် ယူနိုက်တက်တို့အား အပြင်းအထန် ဝေဖန်ပြောကြားခဲ့ဖူးသည်။

ချဲလ်ဆီးတွင် ကစားနေသည့် ဗန်ဒီဘိခ်၏အေဂျက်စ်ကစားဖော်ဟောင်း ဇီယက်ချ်ကမူ ဗန်ဒီဘိခ်အား အခွင့်အရေး ရရှိလာအောင် စိတ်ရှည်ရှည်ဖြင့် စောင့်ဆိုင်းသင့်ကြောင်း တိုက်တွန်း ပြောကြားသွားသည်။

Facebook Comments Box
Facebook Comment