ယူနိုက်တက်သို့ ပြောင်းခွင့်ရရန် ကိုယ်စားလှယ်များကို ဆန်ချို တွန်းအားပေးနေ

ဒေါ့မွန် တောင်ပံကစားသမား ဂျေဒန်ဆန်ချိုသည် ယခု နွေရာသီ အပြောင်းအရွှေ့မပိတ်မီ မန်ချက်စတာ ယူနိုက်တက်အသင်းသို့ ပြောင်းရွှေ့နိုင်ရေးအတွက် ၎င်း၏ အေးဂျင့်နှင့် ကိုယ်စားလှယ်များကို တွန်းအားပေးနေကြောင်း ဘွန်ဒက်စ်လီဂါ ကလပ်နှင့် နီးစပ်သူများက ပြောသည်။

အသက် ၂၀ အရွယ် အင်္ဂလန်လက်ရွေးစင် ဆန်ချိုသည် သူ့ကိုယ်သူ ယူနိုက်တက် ကစားသမားတစ်ဦးဟု မှတ်ယူထားပြီး အောက်တိုဘာ ၅ ရက် ပိတ်သိမ်းမည့် နွေဈေး ကွက်မပိတ်မီ အိုးလ်ထရက်ဖို့ဒ်သို့ ပြောင်းရွှေ့နိုင်ရန် အားခဲထားသည်။

ထို့ကြောင့် ဆန်ချိုသည် သူ၏ အေးဂျင့်အပြင် အခြား အကြံပေးများကို ဌားရမ်းကာ အပြောင်းအရွှေ့ အမြန်ဆုံးဖြစ်မြောက်လာစေရန် တွန်းအားပေး လုပ်ဆောင်ခိုင်းထားသည်။

ယူနိုက်တက်သည် ဆန်ချိုကိုခေါ်ယူရန် ကြိုးစားခဲ့ဖူးပြီး ဒေါ့မွန်ဘက်က ပေါင် ၁၀၈ သန်းရမှသာ လက်လွတ်ခံမည်ဟု အကြောင်းပြန်ထားသည်။

မန်စီးတီး အကယ်ဒမီမှ ထွက်ပေါ်လာသော ဆန်ချိုသည် ၂၀၁၇ ခုနှစ်တွင် ဒေါ့မွန်သို့ ပေါင် ၈ သန်းဖြင့် ပြောင်းရွှေ့လာပြီး ယမန်နှစ် ရာသီကုန်အထိ ၃ ရာသီအတွင်း အသင်းကြီးအတွက် ပြိုင်ပွဲစုံ ၉၉ ပွဲကစားကာ ၃၄ ဂိုး သွင်းယူထားသည်။

ကာယကံရှင်ကိုယ်တိုင်က ယူနိုက်တက် ကစားသမား ဖြစ်ချင်နေသော်လည်း ဆိုးလ်ရှားအနေဖြင့် ယခင်တစ်ကြိမ်ကလို ထပ်မံ ငြင်းပယ်ခံရမည်ကို စိုးရိမ်နေရသည်။

ဒေါ့မွန် အားကစားဒါရိုက်တာ မိုက်ကယ်ဇော့က ယခုရာသီအတွင်း အသင်းကို ဆန်ချို စွန့်ခွာမည်မဟုတ်ဟု ဆိုထားသော်လည်း ကိုဗစ်ကပ်ဆိုးကာလအတွင်း ထိုက်တန်သည့် ပမာဏဖြင့် ကမ်းလှမ်းလာပါက လက်ခံဖွယ်ရှိနေသည်ဟု သိရသည်။

ဒေါ့မွန်နှင့် နီးစပ်သူများက “သူ(ဆန်ချို)က အပြောင်းအရွှေ့ကို အမြန်ဆုံး ဖြစ်စေချင် နေတယ်။ သူ့အေးဂျင့်နဲ့ အခြား အကြံပေးတွေကိုလည်း အပြောင်းအရွှေ့ဖြစ်လာဖို့ လုပ်ခိုင်းထားတယ်။ သူတို့ကလည်း ဆန်ချိုအတွက် တွန်းအားပေး လုပ်နေကြပါတယ် ” ဟု The Sun သတင်းစာသို့ ပြောသည်။

Ref:The Sun

Facebook Comments Box
Facebook Comment