ယူနိုက်တက်ရှုံးပွဲမှာ ပီအက်စ်ဂျီ၏ အဆိုးရွားဆုံးပွဲများထဲမှ တစ်ပွဲဟု တူချယ်ပြောကြား

ပီအက်စ်ဂျီနည်းပြသောမတ်စ်တူချယ်က အင်္ဂါနေ့ညတုန်းက မန်ချက်စတာ ယူနိုက်တက်အား ၂-၁ ဂိုးဖြင့် ရှုံးနိမ့်သည့်ပွဲမှာ ပီအက်စ်ဂျီ၏ခြေစွမ်း အဆိုးရွားဆုံးပွဲများထဲမှ တစ်ပွဲ ဖြစ်ကြောင်း ပြောကြားလိုက်သည်။ ပဲရစ်ပွဲစဉ်တွင် ယူနိုက်တက်သည် ပွဲပြီးခါနီး၌ ရပ်ရှ်ဖို့ဒ်သွင်းယူသည့် အနိုင်ဂိုးကြောင့် ၂-၁ ဖြင့် အနိုင်ရရှိခဲ့ပြီး ပြိုင်ပွဲအရပ်ရပ်တွင် အဝေးကွင်း ၁၀ ပွဲဆက်တိုက် အနိုင်ရရှိသည့် မှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့သည်။

ယူနိုက်တက်သည် ပွဲချိန် ၂၃ မိနစ်တွင် ဘရူနိုဖာနန်ဒက်စ်၏ ပင်နယ်တီဂိုးဖြင့် ပွဲကို ဦးဆောင်နိုင်ခဲ့ပြီး ပထမပိုင်းပြီးရန် ၁၀ မိနစ်အလိုတွင် မာရှယ်၏ Own Goal ကြောင့် ပီအက်စ်ဂျီတို့ ချေပဂိုး ရခဲ့သည်။ သို့ရာတွင် ပွဲပြီးရန် ၃ မိနစ်အလိုတွင် ရပ်ရှ်ဖို့ဒ်က ယူနိုက်တက်အတွက် အနိုင်ဂိုးကို သွင်းယူခဲ့သည်။ ယူနိုက်တက် ရှုံးပွဲကြောင့် ပီအက်စ်ဂျီသည် ချန်ပီယံလိဂ်အုပ်စု ၂၅ ပွဲတွင် ပထမဆုံးအကြိမ်ရှုံးပွဲကြုံခဲ့ရသည်။

တူချယ်က “ပထမပိုင်းမှာ ပုံမှန်မဟုတ်ခဲ့ပါဘူး။ ဘာကြောင့်လဲ ဆိုတာ ကျွန်တော်လည်း မသိပါဘူး။ ဒါပေမယ့် ပြောနိုင်တာက ကျွန်တော်တို့ရဲ့ ခြေစွမ်းအဆင့်မျိုးမှာ မရှိခဲ့ပါဘူး။ ဘောလုံးရွှေ့လျားမှု၊ ဘောလုံးပိုင်ဆိုင်မှု၊ တန်ပြန်တိုက်စစ်၊ ဘောလုံးဖျက်ထုတ်မှု၊ အာရုံစူးစိုက်မှု အားလုံး လွဲမှားနေခဲ့ပါတယ်။ ဒီပွဲ ကျွန်တော်တို့ရဲ့ အဆိုးရွားဆုံးပွဲတွေထဲက တစ်ပွဲပါ။ ပထမပိုင်းခြေစွမ်းဆိုးရွားတဲ့ပွဲတွေထဲက တစ်ပွဲပါ။ ပွဲအစနေ အဆုံးအထိ ကျွန်တော်တို့ရဲ့ အမြင့်ဆုံးခြေစွမ်းအဆင့်ကို မပြသနိုင်ခဲ့ပါဘူး”ဟု ပြောကြားသွားသည်။

ပီအက်စ်ဂျီသည် စနေနေ့တွင် လီဂူး ၁ ပွဲစဉ်အဖြစ် ဒီဂျွန်ကို ဧည့်ခံကစားရပြီးလျှင် လာမည့်အပတ်၌ တူရကီသို့ သွားရောက်ကာ အစ္စတန်ဘူလ်ဘာဆာဆီဟာနှင့် ချန်ပီယံလိဂ်အဝေးကွင်း သွားကစားရမည် ဖြစ်သည်။

Facebook Comments Box
Facebook Comment