ယူနိုက်တက်ဘုတ်အဖွဲ့၏ အပြည့်အဝ ထောက်ခံမှု ရရှိထားကြောင်း ဆိုးလ်ရှား ပြောကြား

အိုလီဂန်းနားဆိုးလ်ရှားက ယူနိုက်တက်ဘုတ်အဖွဲ့နှင့်အတူ နှစ်ရှည်စီမံကိန်းအား ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်ပြီး ဘုတ်အဖွဲ့၏ ထောက်ခံမှု အပြည့်အဝ ရရှိနေဆဲဖြစ်ကြောင်း ပြောကြားလိုက်သည်။ ယူနိုက်တက်သည် ယနေ့ညတွင် ဂူဒီဆင်ပါ့ခ်၌ အဲဗာတန်ကို သွားရောက် ရင်ဆိုင်ရမည် ဖြစ်သည်။ ယူနိုက်တက်သည် အဲဗာတန်ပွဲ မတိုင်မီ အာဆင်နယ်၊ ဘာဆာဆီဟာတို့ကို နှစ်ပွဲဆက် ရှုံးနိမ့်ထားသည်။

နှစ်ပွဲဆက် အရှုံးဖြင့် ကြုံထားသည့်အပြင် ပရီးမီးယားလိဂ်တွင်လည်း အဆင့် ၁၅ နေရာသို့ ရောက်နေမှုကြောင့် ဆိုးလ်ရှားမှာ ဖိအားများနှင့် ကြုံတွေ့နေရသည်။ ဗြိတိန်မီဒီယာများက ယူနိုက်တက်သည် ဆိုးလ်ရှားနေရာတွင် အစားထိုးရန် ပိုချက်တီနိုနှင့် ဆွေးနွေးမှုများ ပြုလုပ်နေ ကြောင်း ဖော်ပြနေသည်။

သို့ရာတွင် ဆိုးလ်ရှားက “နှစ်ရှည်စီမံကိန်းနဲ့ပတ်သက်ပြီး ကလပ်နဲ့ ပြောစရာရှိတာအားလုံးကို ပြောနေတုန်းပါ။ ရေတိုမှာ ရလဒ်ကောင်းရယူချင်တယ်ဆိုပေမယ့် ကျွန်တော်တို့ ချမှတ်ထားတဲ့ နှစ်ရှည်စီမံကိန်းနဲ့ပတ်သက်ပြီး ကောင်းမွန်တဲ့ ဆွေးနွေးမှုတွေ ရှိပါတယ်။ ကျွန်တော်တို့ မျိုးစေ့ စိုက်ပျိုးခဲ့ကြပါတယ်။ အပင်က ကြီးထွားနေပါတယ်။ တချို့ကကလပ်တွေက အပင်ကြီးနေတုန်းမှာ ဖျက်ဆီးလိုက်ကြတယ်။ တကယ်လို့ ရေလောင်းပေးနေတုန်းဘဲဆိုရင် ဆက်ပြီးတော့ ကြီးထွားနေဦးမှာပါ။ ဒီကို စတင်ရောက်လာကတည်းက ကလပ်ရဲ့ထောက်ခံအားပေးမှုအပြည့်အဝ ရရှိလာခဲ့ပါတယ်။ တစ်ပွဲ၊ နှစ်ပွဲ ရလဒ်လောက်အတွင်း တွေဝေသွားစရာမရှိပါဘူး။ အနာဂတ်ကို ကြည့်ပြီး ရည်ရွယ်ရာလမ်းကြောင်းကိုဘဲ ကြည့်ရပါမယ်”ဟု ပြောကြားသွားသည်။

ဆိုးလ်ရှားသည် ယူနိုက်တက်ကို ကိုင်တွယ်လာခဲ့သည်မှာ ၂ နှစ် နီးပါးအထိ ဆက်ရှိနေပြီဖြစ်ပြီး ပြီးခဲ့သည့်ပွဲများတွင် အသင်း၏ ရလဒ်ဆိုးရွားမှုအတွက် ယူနိုက်တက်ကစားသမားများ အပြင်းအထန် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။

Facebook Comments Box
Facebook Comment