ယူနိုက်တက်နှင့် ဆုဖလားရယူလို၍ ဆော်ဒီကလပ်၏ မက်မောဖွယ်ကမ်းလှမ်းမှုကို မာတာ ပယ်ချခဲ့

မန်ယူနိုက်တက်ကွင်းလယ်လူ ဟွမ်မာတာသည် ဆော်ဒီကလပ်တစ်ခု၏ မက်မောလောက်စရာ ကမ်းလှမ်းမှုတစ်ခု ရရှိခဲ့သော်လည်း အိုးလ်ထရက်ဖို့ဒ် အခြေစိုက်ကလပ်နှင့်အတူ ဆုဖလားရယူလိုသောကြောင့် ပယ်ချခဲ့သည်ဟု ဗြိတိန်မီဒီယာများက ဖော်ပြသည်။

အသက် ၃၂ နှစ်အရွယ် မာတာသည် ယခုရာသီအတွင်း ပရီးမီးယားလိဂ် တစ်ပွဲမှ ကစားခွင့်မရသော်လည်း ကာရာဘောင်ဖလား ၂ ပွဲတွင် ၂ ဂိုးသွင်းကာ အဆိုပါပွဲစဉ်များ၏ အကောင်းဆုံး ကစားသမားဆုကို ရယူနိုင်ခဲ့သည်။

ယူနိုက်တက်နည်းပြ ဆိုးလ်ရှားသည် ပရီးမီးယားလိဂ် ပွဲစဉ်များတွင် ဖာနန်ဒက်စ်၊ ပေါ့ဂ်ဘာ၊ မာတစ်၊ ဖရက်ဒ်နှင့် ဗန်ဒီဘိခ်တို့ကိုသာ အသုံးပြုလျက်ရှိသည်။

၂၀၁၄ တွင် ချဲလ်ဆီးမှ ပေါင် ၃၇.၁ သန်းဖြင့် ပြောင်းရွှေ့လာသော မာတာသည် ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ ၂၅၇ ပွဲတွင် ၅၀ ဂိုးသွင်းကာ အက်ဖ်အေ၊ ကာရာဘောင်၊ ကွန်မြူနတီဒိုင်းနှင့် ယူရိုပါလိဂ်ဖလား တစ်လုံးစီ ဆွတ်ခူးထားသည်။

အမည်မဖော်လိုသော ဆော်ဒီကလပ်သည် ယူနိုက်တက်နှင့် စာချုပ်သက်တမ်း ၁ နှစ်သာကျန်တော့သည့် မာတာကို တစ်နှစ်လစာ ယူရို ၁၆ သန်းဖြင့် ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။

ရေနံသူဌေးများ ပိုင်ဆိုင်ထားသော အဆိုပါ ကလပ်၏ ကမ်းလှမ်းမှုကို မာတာ၏ ဖခင်လည်းဖြစ်၊ အေးဂျင့်လည်းဖြစ်သည့် ရိုဒရီဂွက်ဇ်က ပယ်ချခဲ့ရာ ဒုတိယအကြိမ်အဖြစ် တစ်နှစ် ယူရို သန်း ၂၀ ပေးမည်ဟု ထပ်မံကမ်းလှမ်းခဲ့သည်။

သို့သော်လည်း ၂၀၁၀ ကမ္ဘာ့ဖလား၊ ယူရို ၂၀၁၂ ချန်ပီယံ မာတာက ယခုရာသီတွင် ယူနိုက်တက်နှင့် ဆုဖလားများ ရယူလိုသောကြောင့် အရှေ့အလယ်ပိုင်းကလပ်၏ မက်မောစရာ ကမ်းလှမ်းမှုကို ပယ်ချခဲ့သည်။

ဘရိုက်တန်အား ၃ ဂိုးပြတ်အနိုင်ရသော ကာရာဘောင်ဖလား စတုတ္ထအဆင့် ပွဲအပြီးတွင် ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက မာတာကို အသင်း၏ အဖိုးတန် ကစားသမားတစ်ယောက်ဟု ချီးကျူးထားသည်။

Ref:The Sun

Facebook Comments Box
Facebook Comment