ယူနိုက်တက်တွင် ပေါလ်ပေါ့ဘာ မပျော်မရွှင်ဖြစ်နေနိုင်

ပြင်သစ်နည်းပြဒီဒီယာဒက်ချမ့်က ပေါလ်ပေါ့ဘာမှာ လက်ရှိ မန်ချက်စတာယူနိုက်တက်၌ ကြုံနေရသည့် အခြေအနေများကြောင့် ပျော်ရွှင်နေဖွယ် မရှိကြောင်း ပြောကြားလိုက်သည်။ အသက် ၂၇ နှစ်ရှိ ပေါ့ဘာသည် ပြီးခဲ့သည့်လများအတွင်းတွင် ဒဏ်ရာပြဿနာ၊ ကိုဗစ်ပြဿနာစသည်တို့ကြောင့် ပုံမှန်ပွဲထွက်ခွင့် ရရှိရန် ရုန်းကန်လာခဲ့ရသည်။

ပေါ့ဘာသည် ယခုရာသီတွင် မိနစ် ၉၀ အပြည့် နှစ်ပွဲတည်းသာ ကစားခွင့် ရခဲ့သည်။ ယင်းပွဲတို့မှာ စပါးစ်၊ အာဆင်နယ်တို့ကို ပရီးမီးယားလိဂ်၌ ရှုံးနိမ့်သည့်ပွဲများ ဖြစ်ကြသည်။ သူသည် ယခုရာသီတွင် တစ်ဂိုးတည်းသာ သွင်းထားနိုင်ကာ ကာရာဘောင်းဖလားပြိုင်ပွဲ၌ ဘရိုက်တန်နှင့်ပွဲတွင် သွင်းထားခြင်း ဖြစ်သည်။

ဒက်ချမ့်က “သူ့ကို အကြံပေးစရာ မရှိပါဘူး။ ဒီအုပ်စုအကြောင်း သူကောင်းကောင်း သိပါတယ်။ မန်ချက်စတာယူနိုက်တက်မှာ အခု ကြုံနေရဲ့အခြေအနေကြောင့် သူ ကျေနပ်မှာတော့ မဟုတ်ပါဘူး။ အဲဒီမှာ သူ့စိတ်ကြိုက်နေရာမှာ မကစားရသလို ကစားချိန်လည်း များများစားစား မရပါဘူး။ သူ့ဟာ အကောင်းဆုံးကာလ ကြုံမနေပါဘူး။ ဒဏ်ရာကလည်း တစ်ခုပြီး တစ်ခု ရနေတယ်။ ကိုဗစ်ကလည်း သူ့ကို တော်တော်လေး ထိခိုက်စေခဲ့တယ်။ သူ့အနေနဲ့ တစ်ချို့အရာတွေကို စည်းချက်မှန် အောင် လုပ်ရပါမယ်။ ပြီးခဲ့တဲ့လတုန်းက နေရာသိပ်မရခဲ့ပေမယ့် သူ့ပွဲ တော်တော်လေး ကောင်းခဲ့သလို ဆက်တိုက်ကောင်းခဲ့တယ်။ သူ့ကို ပျော်နေတယ်လို့ ပြောလို့ မရပါဘူး။ ကျွန်တော့်အတွက် ဘာပြဿနာမျှ မရှိပါဘူး။ သူ့အခြေအနေမျိုးကြောင့် ဘယ်ကစားသမားမှ အဆင်မပြေပါဘူး။ သူ ဘယ်လို ခံစားနေရတယ်ဆိုတာ သူ ပြောပြရပါမယ်။ ကျွန်တော်ကလည်း သူ့ကို ကျွန်တော်မြင်တာ၊ ခံစားရတာ ပြောပါမယ်”ဟု ပြောကြားသွားသည်။

Facebook Comments Box
Facebook Comment