ယူနိုက်တက်က အသစ်ခေါ်ယူလိုက်သည့် ပယ်လစ်ထရီ၏ ကစားဟန်ကို နှစ်သက်ကြောင်း ကာဗာနီ ပြောကြား

အက်ဒီဆင်ကာဗာနီက ယူနိုက်တက်၌ ဥရုဂွေးပါရမီရှင်ကွင်းလယ်တိုက်စစ်သမားဖာကန်ဒို ပယ်လစ်ထရီနှင့်တွဲကစားရမည့်အပေါ် စိတ်လှုပ်ရှားနေကြောင်း ပြောကြားလိုက်သည်။ ယူနိုက်တက်တိုက်စစ်မှူးသစ်က ၎င်းမှာ လူငယ်ကစားသမား၏ ကစားဟန်ကြောင့် အမာခံပရိသတ်တစ်ဦး ဖြစ်နေပြီ ဖြစ်ကြောင်း ပြောကြားလာသည်။

ကာဗာနီကဲ့သို့ပင် ဖာကန်ဒို ပယ်လစ်ထရီသည်လည်း အပြောင်းအရွှေ့ဈေးကွက် နောက်ဆုံးရက်တွင် ယူနိုက်တက်သို့ ရောက်လာခဲ့သူ ဖြစ်သည်။ ပယ်လစ်ထရီသည် မန်စီးတီးအပါအဝင် ဥရောပထိပ်သီး ကလပ်များ၏ ဆက်သွယ်ခြင်း ခံခဲ့ရသော်လည်း အပြောင်းအရွှေ့ဈေးကွက် ပိတ်ခါနီးတွင် ယူနိုက်တက်သို့ ပြောင်းခဲ့သူ ဖြစ်သည်။

ပယ်လစ်ထရီသည် ဥရုဂွေးကလပ် ပီနိုင်ရိုးစီနီယာအသင်းသို့ ပြီးခဲ့သည့်နှစ်ကမှ တက်လှမ်းနိုင်ခဲ့သူဖြစ်ရာ ယူနိုက်တက် ပထမရာသီတွင် ပွဲမည်မျှ ကစားရမည်ကို မခန့်မှန်းနိုင်သေးချေ။

ယူနိုက်တက်ပရိသတ်အများစုမှာ ပယ်လစ်ထရီကို ခေါ်ယူလိုက်ချိန်တွင်မှ သူ့အ ကြောင်းကို သိလာခဲ့ကြခြင်း ဖြစ်သည်။ သို့ရာတွင် ကာဗာနီမှာမူ ယခင်ကတည်းက ပယ်လစ်ထရီ၏ပရိသတ်တစ်ဦးဖြစ်နေခဲ့သူ ဖြစ်သည်။

ကာဗာနီက “ပယ်လစ်ထရီက လူငယ်တစ်ဦးပါ။ သူ့ကစားဟန်ကို အရမ်းကြိုက်တယ်။ သူ့မှာ တောင်အမေရိကန်ဘောလုံးသမားတွေရဲ့ ပွဲကို အပျော်အတွက်ကစားတဲ့ စိတ်ရှိပါတယ်။ သူ့ကစားဟန်က အဲဒီလိုပါ။ ကျွန်တော်တို့ ဥရုဂွေးမှာ ဆိုရင် El Campito လို့ ခေါ်တယ်။ ဘယ်နေရာကိုမဆိုကွင်းအဖြစ် သတ်မှတ်ပြီး ပျော်ရွှင်ဖို့အတွက် ဘောလုံးကစားကြတယ်။ သူက သင်ယူစရာတွေ အများကြီးရှိတဲ့ လူငယ်တစ်ဦးဆိုပေမယ့် အများကြီး လုပ်ပေးနိုင်စွမ်းရှိတဲ့သူပါ။ သူ ဘာလုပ်ပြနိုင်တယ်ဆိုတာ ပီနာရိုးလ်မှာလည်း ပြသထားပြီး ဖြစ်ပါတယ်။ ပီနာရိုးလ်ပထမအသင်းအတွက် သူပထမဆုံးကစားရတဲ့ပွဲမှာကတည်းက သူ့ကို ကြိုက်ခဲ့တာပါ။ သူ ဒီကလပ်သို့ ရောက်လာပါပြီ။ ဒီကို ကစားသမားတစ်ဦးအနေနဲ့ ရင့်ကျက်လာအောင် သင်ယူမှုတွေ ပြုလုပ်ဖို့ ဆုံးဖြတ်ပြီး ရောက်လာတာပါ။ ဒါပေမယ့် သူဟာ ကလပ်အတွက် ကောင်းမွန်တဲ့ လုပ်ဆောင်မှုတွေ လုပ်သွားပါလိမ့်မယ်။ ဒီမှာ သင်ယူခြင်းက သူ့အတွက် ကြီးမားတဲ့ အတွေ့အကြုံတွေ ရရှိစေပါလိမ့်မယ်။ သူနဲ့ ကောင်းမွန်တဲ့ တွေ့ဆုံမှု ဖြစ်လာမှာပါ။ ကျွန်တော်တို့နှစ်ဦး အတူ ခရီးတွေ သွားပြီး နှစ်ဦးစလုံးရဲ့စာမျက်နှာသစ်ကို အတူ ရေးသားသွားပါမယ်”ဟု ပြောကြားခဲ့သည်။

ယူနိုက်တက်သည် အသက် ၁၈ နှစ်ရှိ ပယ်လစ်ထရီအတွက် ပြောင်းရွှေ့ကြေး ယူရို ၁၀ သန်းပေးခဲ့ရကြောင်း သိရသည်။ သူသည် ပြီးခဲ့သည့် ၂၀၁၉-၂၀ ရာသီတွင် ပီနာရိုးလ်ပထမအသင်းသို့ တက်လှမ်းလာပြီးနောက် ပွဲ ၃၀ ကစားကာ ၁ ဂိုး သွင်းယူနိုင်ခဲ့သည်။

Facebook Comments Box
Facebook Comment