ယူနိုက်တက်က တစ်ခါကမ်းလှမ်းဖူးကြောင်း အာစင်ဝင်းဂါး ပြောကြား

အာဆင်နယ်အသင်း၏ ဂန္ထဝင်နည်းပြဟောင်း အာစင်ဝင်းဂါးက လန်ဒန်အခြေစိုက်ကလပ်မှ မထွက်ခွာခင် မဟာပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်က တစ်ကြိမ်ကမ်းလှမ်းဖူးကြောင်း ပြောကြားလိုက်သည်။

ပြင်သစ်နိုင်ငံသား ဝင်းဂါးသည် အာဆင်နယ်အား ၁၉၉၆ မှ ၂၀၁၈ ခုနှစ်အထိ ၂၂ နှစ်ကြာ ကိုင်တွယ်စဉ်အတွင်း ပရီးမီးယားလိဂ် ဆုဖလား ၃ လုံး၊ အက်ဖ်အေနှင့် ကွန်မြူနတီဒိုင်း ဆုဖလား ၇ လုံးစီရယူကာ ထိပ်တန်းနည်းပြတစ်ဦးအဖြစ် သက်သေပြခဲ့သည်။

မြောက်လန်ဒန်ကလပ်ကို ကိုင်တွယ်စဉ် ဝင်းဂါးနှင့် ယူနိုက်တက်နည်းပြ ဖာဂူဆန်တို့သည် ခါးသီးသောပြိုင်ဘက်များ ဖြစ်ခဲ့သလို ကလပ်အသင်းများကြားတွင်လည်း ဆုဖလားရယူနိုင်ရေး တိုက်ပွဲက အခြားအသင်းများထက် ပိုမိုပြင်းထန်ခဲ့သည်။

ဖာဂူဆန်သည် ယူနိုက်တက်ကို ၂၀၁၃ ခုနှစ်တွင် ကျောခိုင်းခဲ့ပြီးနောက် မန်ချက်စတာ အခြေစိုက်ကလပ်သည် ဒေးဗစ်မိုယက်စ်၊ ဂစ်(ယာယီ)၊ ဗန်ဟားလ်၊ မော်ရင်ညို၊ ဆိုးလ်ရှားတို့နှင့် ခရီးဆက်ခဲ့သော်လည်း ၂၀၁၃ နောက်ပိုင်း ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူနိုင်ခြင်း မရှိတော့ပေ။

ဗြိတိန်အခြေစိုက် The Times သတင်းစာက အာဆင်နယ်မှ ထွက်ခွာလာသော ဝင်းဂါးကို ဘိုင်ယန်မြူးနစ်၊ ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာ၊ ဂျူဗင်တပ်စ်၊ ပြင်သစ်အသင်းတို့က ကမ်းလှမ်းခဲ့သည်ဟု ရေးသားခဲ့ပြီး ဝင်းဂါးက မှန်ကန်ကြောင်း ထောက်ခံသလို ပီအက်စ်ဂျီကလည်း အကြိမ်အနည်းငယ်အထိ ကမ်းလှမ်းဖူးသည်ဟု ဖြည့်စွက်သည်။

ထို့အပြင် ၎င်းက ဖာဂူဆန်ရှိနေစဉ်ကတည်းက ယူနိုက်တက်က မိမိကို ချဉ်းကပ်ဖူးသည်ဟုလည်း ပြောသည်။

ထိုကာလက ၂၀၀၀-၂၀၀၁ ရာသီကဖြစ်ပြီး ဖာဂူဆန်က အနားယူတော့မည်ဟု ပြောကြားခဲ့ပြီးနောက် ယူနိုက်တက်က ၎င်း၏နေရာတွင် ဝင်းဂါးနှင့်အစားထိုးရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။

ယူနိုက်တက်ဥက္ကဋ္ဌ မာတင်အက်ဒွပ်၊ ဒုတိယအမှုဆောင်ချုပ် ကီတာကင်ညွန်တို့သည် ဝင်းဂါးနှင့်တွေ့ဆုံကာ ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းကျမှ ဖာဂူဆန်က စိတ်ပြောင်းသွားခဲ့သောကြောင့်သာ ပျက်ပြယ်ခဲ့ခြင်းဖြစ်သည်။

ဖာဂူဆန်နှင့် မိမိတို့မှာ အချိန်ကာလတစ်ခုအတွင်း ခက်ထန်သော ပြိုင်ဘက်များ ဖြစ်ခဲ့သော်လည်း လက်ရှိအချိန်အထိ တစ်ဦးအပေါ်တစ်ဦး အလွန်လေးစားမှုရှိကြောင်းလည်း ဝင်းဂါးက ဖွင့်ဟသည်။

“မှန်ပါတယ်။ ဒါပေမဲ့ ခင်ဗျားမေးခဲ့တဲ့ ကမ်းလှမ်းမှုတစ်ခုအကြောင်း ကျွန်တော် မပြောနိုင်ဘူးလို့ ပြောခဲ့တယ်နော်။ ဒါပေမဲ့ အခု ပြောပြမယ်။ မန်ချက်စတာ ယူနိုက်တက်က သူတို့အသင်းကို ကိုင်တွယ်ပေးဖို့ ကျွန်တော့်ကို ကမ်းလှမ်းဖူးပါတယ်” ဟု အသက် ၇၀ အရွယ် ဝင်းဂါးက The Times သတင်းစာ၏ မေးမြန်မှုအပေါ် ပြန်လည်ဖြေကြားသည်။

Ref:The Times

Facebook Comments Box
Facebook Comment