ယူနိုက်တက်ကစားဖော်များနှင့်အတူ ကာဗာနီ စတင်လေ့ကျင့်ခန်းဆင်းပြီ

အက်ဒီဆင်ကာဗာနီသည် ယူနိုက်တက်ကစားဖော်များနှင့်အတူ ပထမဆုံးအကြိမ် အဖြစ် လေ့ကျင့်ခန်းဆင်းနိုင်ပြီဖြစ်ပြီး အင်္ဂါနေ့တွင် ပီအက်စ်ဂျီနှင့် ရင်ဆိုင်ကစားရမည့် ချန်ပီယံလိဂ်အဝေးကွင်းပွဲစဉ်တွင် ပါဝင်လာနိုင်သည့် အနေအထားတွင် ရှိနေသည်။

ဥရုဂွေးတိုက်စစ်မှူးသည် နွေရာသီအပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးနေ့တွင် ယူနိုက်တက်သို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းလာခဲ့သူဖြစ်သည်။ အသက် ၃၃ နှစ်ရှိ ကာဗာနီသည် ပြင်သစ်မှ ဗြတိန်သို့ ရောက်လာပြီးနောက် ကိုဗစ်စည်းမျဉ်း အတိုင်း ကွာရန်တင်းဝင်နေခဲ့ရသူလည်း ဖြစ်သည်။ ယင်းကြောင့် သူသည် စနေနေ့တုန်းက နယူးကာဆယ်ကို ၄-၁ ဖြင့် အနိုင်ရရှိသည့်ပွဲကို လွဲချော်ခဲ့ရသည်။

ကာဗာနီသည် ယူနိုက်တက်နှင့်အတူ လေ့ကျင့်ခန်းဆင်းနိုင်ပြီဖြစ်၍ အသင်းဟောင်း ပီအက်စ်ဂျီနှင့်ပွဲတွင် အရန်အဖြစ် ပါဝင်လာနိုင်သည့် အခြေအနေတွင် ရှိနေပြီဖြစ်သည်။

ကာဗာနီသည် ပီအက်စ်ဂျီတွင် ၇ ရာသီကြာ ကစားခဲ့ပြီး ၃၀၁ ပွဲကစားကာ ဂိုး ၂၀၀ သွင်းပေးခဲ့သူ ဖြစ်သည်။ သူသည် ပီအက်စ်ဂျီတွင် ကစားစဉ်အတွင်း ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ပြင်သစ်လီဂူး၁ ဂိုးသွင်းဘုရင်ဆုကို ဆွတ်ခူးနိုင်ခဲ့သည့်အပြင် ၂၀၁၇ ခုနှစ်တွင် တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့သည်။

Facebook Comments Box
Facebook Comment