ယနေ့ည ဆီဗီလာနှင့် ယူရိုပါလိဂ်ဗိုလ်လုပွဲတွင် ဆန်းချက်ဇ် ပါဝင်လာမည်

အင်တာမီလန်တိုက်စစ်သမားအလက်ဆစ်ဆန်းချက်ဇ်သည် တံကောက်ကြောဒဏ်ရာမှပြန်လည် ကောင်းမွန်ကာ လေ့ကျင့်ခန်းအပြည့်အဝဆင်းနိုင်ပြီဖြစ်၍ ယနေ့ညတွင် ကိုလုံး၌ ဆီဗီလာနှင့် ရင်ဆိုင်ကစားရမည့် ယူရိုပါလိဂ်ဗိုလ်လုပွဲတွင် ပါဝင်လာမှာဖြစ်ကြောင်း သိရသည်။


ချီလီလက်ရွေးစင်ကစားသမားသည် လေဗာကူဆင်အား အနိုင်ရရှိသည့် ယူရိုပါလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်တွင်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ရှက်တာဒိုးနက်စ်အား ၅-၀ဂိုးဖြင့် အနိုင်ရရှိသည့်ဆီမီးဖိုင်နယ်ပွဲစဉ်ကို လွဲချော်ခဲ့သည်။


ဆန်းချက်ဇ်သည် ကြာသပတေးနေ့က ပြုလုပ်သည့် အင်တာမီလန်၏လေ့ကျင့်ခန်းအစီအစဉ်တွင် အပြည့်အဝ ပြုလုပ်နိုင်ခဲ့ရာ ယနေ့ညတွင် ကစားမည့် ဆီဗီလာနှင့်ပွဲတွင် ပါဝင်လာနိုင်ရန် သေချာနေသည်။


သို့ရာတွင် အင်တာမီလန်နည်းပြအန်တိုနီယိုကွန်တီသည် တိုက်စစ်တွင် လူကာကူနှင့်မာတီနက်ဇ်တို့သာဆက်သုံးကာ အလယ်တန်းတိုက်စစ်တွင် အဲရစ်ဆင်ကို သုံးသွားမည်ဖြစ်သည်။ ဆန်းချက်ဇ်သည် ပွဲထွက်ကစားသမား ၁၁ ဦးစာရင်းတွင် ပါဝင်လာရန် မရှိဘဲ အရန်အဖြစ်သာ ဝင်ရောက်ကစားသွားရန် ရှိသည်။

အသက် ၃၁ နှစ်ရှိ ဆန်းချက်ဇ်သည် ယခုရာသီတွင် အင်တာမီလန်အတွက် ၃၁ ပွဲကစားကာ ၄ ဂိုးသွင်းယူပေးထားသူဖြစ်သည်။သူသည် မန်ယူနှင့်စာချုပ်ဖျက်သိမ်းကာ အင်တာမီလန်သို့ အပြီးသတ်ပြောင်းရွှေ့ထားသူလည်းဖြစ်သည်။ မန်ယူသည် ဆန်းချက်ဇ်၏စာချုပ်အားဖျက်သိမ်းရန် လျော်ကြေးပေါင်၈သန်းခန့်ပေးခဲ့ရကြောင်းလည်း သိရသည်။

Ref: Sky Sport

Facebook Comments Box
Facebook Comment