ယခုလို ကန်ထုတ်ကန်ရသည့်အဖြစ်နှင့် မထိုက်တန်ဟု ဆွာရက်ဇ်ဘက်မှ မက်ဆီ ရပ်တည်

အရင်းနှီးဆုံး သူငယ်ချင်းတစ်ဦးဖြစ်သူ လူးဝစ်ဆွာရက်ဇ်ကို ပြိုင်ဘက်အဖြစ် ပြန်လည်ဆုံတွေ့ရမည့်အပေါ် ထူးဆန်းသလို ဖြစ်မိပြီး ဥရုဂွေးတိုက်စစ်မှူးသည် ယခုလို ကန်ထုတ်ခံရသည့်အဖြစ်မျိုးနှင့် မထိုက်တန်ကြောင်း ဘာစီလိုနာအသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီက အင်စတာဂရမ်တွင် ပို့စ်တင်ခဲ့သည်။

၂၀၁၄ တွင် လီဗာပူးလ်မှ ပြောင်းရွှေ့လာပြီးနောက် ဆွာရက်ဇ်နှင့်မက်ဆီသည် အရင်းနှီး ဆုံး မိတ်ဆွေများဖြစ်ခဲ့ပြီး စားအတူ၊ သွားအတူ ဖြစ်ခဲ့သည်။

ယမန်နှစ်ရာသီက ချန်ပီယံလိဂ်တွင် ဘိုင်ယန်မြူးနစ်ကို ၈-၂ ဂိုးဖြင့် အရှက်တကွဲ ရှုံးနိမ့်ကာ နည်းပြဆက်တီယန် ထုတ်ပယ်ခံရကာ ရော်နယ်ကိုးမန်း နည်းပြသစ်ဖြစ်လာချိန်တွင် နှစ်ဦးစလုံး ဘာစီလိုနာကို စွန့်ခွာရန် အကြောင်းဖန်လာခဲ့သည်။

သို့သော် မက်ဆီက အသင်းနှင့် တရားတဘောင် မဖြစ်လို၍ လက်ကျန်တစ်နှစ်စာချုပ် ကုန်ဆုံးချိန်အထိ ကစားရန် ဆုံးဖြတ်ခဲ့သော်လည်း ရော်နယ်ကိုးမန်း၏ စွန့်ပယ်ခြင်းခံရသော ဆွာရက်ဇ်ကမူ လာလီဂါပြိုင်ဘက် အက်သလက်တီကိုသို့ ပြောင်းရွှေ့ခဲ့သည်။

မက်ဆီနှင့်ဆွာရက်ဇ်သည် ဘာစီလိုနာ သမိုင်းတစ်လျှောက် ထာဝရဂိုးသွင်းအများဆုံး စာရင်းတွင် အဆင့် ၁ နှင့် အဆင့် ၃ ရရှိထားသူများဖြစ်သည်။

အက်သလက်တီကိုသို့ ပြောင်းရွှေ့ပြီးနောက် ဆွာရက်ဇ်က မိမိအပေါ် ယုံကြည်မှုမရှိသော ဘာစီလိုနာအသင်းကို ပြိုင်ဘက်အဖြစ် ရင်ဆိုင်ချင်သောကြောင့် မက်ဒရစ်အခြေ စိုက်ကလပ်အား ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး သူငယ်ချင်းဖြစ်သူ မက်ဆီနှင့်လည်း ရှိရင်းစွဲ ဆက်ဆံရေးက ပြောင်းလဲသွားမည်မဟုတ်ဟု ပြောသည်။

ကမ္ဘာ့အကောင်းဆုံး ကစားသမား ၆ ဆုရှင် မက်ဆီက followers ၁၆၆ ဒသမ ၉ သန်းရှိသော ၎င်း၏အင်စတာဂရမ်တွင် “ငါတို့ မင်းကို အရမ်းလွမ်းနေပါတယ်။ ငါတို့ အတူရှိခဲ့ချိန်တွေက မနည်းပါဘူး။ နေ့လယ်စာနဲ့ ညစာတွေ အကြိမ်ပေါင်းများစွာ စားခဲ့ကြတယ်။ အတူရှိခဲ့ချိန်တွေက ဘယ်တော့မှ မမေ့နိုင်စရာတွေပါပဲ။

တခြားအသင်းဂျာစီနဲ့ မင်းကို ပြိုင်ဘက်အဖြစ် ယှဉ်ပြိုင်ကစားရမှာက ထူးဆန်းနေမ လားပဲ။ မင်းက ဂုဏ်ပြုမှုနဲ့ ထိုက်တန်သူပါ။ အသင်းသမိုင်းတစ်လျှောက် အရေးအကြီးဆုံး ကစားသမားတွေထဲမှာ မင်းလည်း တစ်ယောက်အပါအဝင် ဖြစ်ပါတယ်။ သူတို့အတွက် မင်းလို ကစားသမားမျိုးကို ဒီလိုပုံစံနဲ့ ကန်ထုတ်လိုက်တာက တကယ်ကို မ ထိုက်တန်ပါဘူး” ဟု ရေးသားခဲ့သည်။

Ref:Marca

Facebook Comments Box
Facebook Comment