ယခုရာသီ ပရီးမီးယားလိဂ်တိုက်ပွဲ ကျဉ်းမြောင်းလာကြောင်း ဘားနတ်ဒိုဆေးလ်ဗားပြောကြား

မန်စီးတီးအလယ်တန်းကစားသမားဘားနတ်ဒိုဆေးလ်ဗားက ယခုရာသီ ပရီးမီးယားလိဂ်ချန်ပီယံအသင်းမှာ ရမှတ် ၁၀၀ ရယူနိုင်တော့မှာ မဟုတ်ကြောင်းနှင့် ချန်ပီယံဆုအတွက် တိုက်ပွဲမှာ အကျဉ်းမြောင်းဆုံး ဖြစ်လာမှာ ဖြစ်ကြောင်း ပြောကြားလိုက်သည်။

ပြီးခဲ့သည့် ရာသီတုန်းက လီဗာပူးသည် ရမှတ် ၉၉ မှတ်ဖြင့် နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံး ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့သည်။ ယင်းမတိုင်မီ ဂွါဒီယိုလာ၏ မန်စီးတီးသည် ရမှတ် ၁၀၀၊ ရမှတ် ၉၈ မှတ်တို့ဖြင့် ပရီးမီးယားလိဂ်ဖလားကို ၂ ကြိမ်ဆက် ဆွတ်ခူးခဲ့ဖူးသည်။

သို့ရာတွင် ကိုဗစ်ကြောင့် ပြီးခဲ့သည့် ရာသီတုန်းက ပွဲကစားမှုနားခဲ့ရမှုနှင့်အတူ ကလပ်များသည် ရာသီကြိုစခန်းသွင်းလေ့ကျင့်ခန်းဆင်းမှုကို ကာလတိုသာ ပြုလုပ်နိုင်ခဲ့သည့်အပြင် တစ်ပတ်လျှင် နှစ်ပွဲနှုန်းကစားနေရသည်။

ဆေးလ်ဗားက “ပြီးခဲ့တဲ့ရာသီအနည်းငယ်တွေမှာ ချန်ပီယံအသင်းက ရမှတ် ၁၀၀ နားရဖို့ လိုအပ်ခဲ့တယ်။ ဒါပေမယ့် ဒီရာသီမှာတော့ အပြောင်းအလဲတွေ ဖြစ်လာပါ တော့မယ်။ ဘာကြောင့်လဲဆိုတော့ ကစားသမားအမြောက်အမြားတို့ဟာ နွေရာသီတုန်းက နားရက်ကောင်းကောင်း မရခဲ့ကြပါဘူး။ ပြီးတော့ ပြိုင်ပွဲတွေက ပိုပြီးတော့ ဟန်ချက်ညီလာပါတယ်”ဟု ပြောကြားသွားသည်။

မန်စီးတီးနှင့် လီဗာပူးတို့သည် ယခုရာသီတွင် ရမှတ် ၅ မှတ် ဆုံးရှုံးထားရပြီး ဖြစ်သည်။

အဲဗာတန်သည် နွေရာသီအပြောင်းအရွှေ့တွင် ဂျိးမ်းစ်ရိုဒရီဂွက်ဇ်၊ အယ်လ်တန်တို့အား ခေါ်ယူထားနိုင်ကာ ရလဒ်ကောင်းများ ရယူနေပြီး အမှတ်ပေးဇယား ထိပ်ဆုံးတွင် ရပ်တည်နေသည်။ ချဲလ်ဆီးအသင်းမှာလည်း နွေရာသီတွင် ပေါင်သန်း နှစ်ရာကျော် သုံးစွဲကာ ထိပ်တန်းကစားသမားများ ခေါ်ယူထားပြီး အာဆင်နယ်မှာလည်း ရင်းနှီးမြှပ်နှံမှုများစွာ ပြုလုပ်ထားသည်။

ဆေးလ်ဗားက “ဒီရာသီမှာ ပရီးမီးယားလိဂ်အသင်းတိုင်းက တောင့်တင်းနေပါတယ်။ ဒါက ပြိုင်ပွဲအတွက် ကောင်းပါတယ်။ အခုဆိုရင် ပွဲတိုင်းက ခက်ခဲနေပါတယ်။ ကျွန်တော်တို့အနေနဲ့ ပြိုင်ဘက်တွေကို အနိုင်ရဖို့အ တွက် အရင်ကထက် ပိုကြိုးစားရပါမယ်။ ပရီးမီးယားလိဂ်ဟာ ပိုပြီးတော့ ပြိုင်ဆိုင်မှု ပြင်းထန်နေပါတယ်။ အသင်းတိုင်းက ကောင်းမွန်တဲ့ ခေါ်ယူမှုတွေ ပြုလုပ်ပြီး အသင်းကို တောင့်တင်းအား လုပ်ဆောင်ထားကြပါတယ်”ဟု ပြောကြားခဲ့သည်။

မန်စီးတီးသည် နှစ်ပွဲဆက် နိုင်ပွဲပျောက်ဆုံးပြီးနောက် စနေနေ့တုန်းက အာဆင်နယ်ကို ၁-၀ဂိုးဖြင့် အနိုင်ရရှိကာ နိုင်ပွဲပြန်တွေ့ခဲ့သည့်အပြင် ဂိုးလည်း မပေးခဲ့ရချေ။

၎င်းတို့သည် ဗုဒ္ဓဟူးနေ့တွင် ပေါ်တိုနှင့် ချန်ပီယံလိဂ်အုပ်စုပွဲ ကစားသွားရမည် ဖြစ်သည်။  

Facebook Comments Box
Facebook Comment