ယခုရာသီတွင် ဒီပေး ထွက်ခွာမည်မဟုတ်ဟု လိုင်ယွန်ဥက္ကဌ ပြောကြား

မမ်ဖစ်ဒီပေးမှာ ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင် လိုင်ယွန်မှ ထွက်ခွာခွင့် ရရှိမည်မဟုတ်ကြောင်း လိုင်ယွန်ဥက္ကဌဂျိန်းမီချယ်အူးလက်စ်က ပြောကြားလိုက်သည်။ ဒတ်ချ်တောင်ပံကစားသမားသည် ယခုရာသီအကုန်တွင် လိုင်ယွန်နှင့် စာချုပ်သက်တမ်း ကုန်ဆုံးမည် ဖြစ်ပြီး ဇန်နဝါရီအပြောင်းအရွှေ့တွင် ဘာစီလိုနာသို့ ပြောင်းမည်ဟု သတင်းများ ထွက်ပေါ်နေသူလည်း ဖြစ်သည်။

နွေရာသီတုန်းက ဘာစီလိုနာသည် ဒီပေးအား ခေါ်ယူရေးအတွက် ကြိုးပမ်းခဲ့သော်လည်း လိုင်ယွန်တောင်းဆိုသည့် ပြောင်းရွှေ့ကြေး မပေးနိုင်ခဲ့မှုကြောင့် မအောင်မြင်ခဲ့ချေ။ သို့ရာတွင် ဘာစီလိုနာနည်းပြကိုးမန်းက ဇန်နဝါရီတွင် ဒီပေးကို ခေါ်ယူရန် ကြိုးပမ်းသွားဦးမည် ဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။ သို့ရာတွင် လိုင်ယွန်နည်းပြရူဒီဂါစီယာကလည်း ဒီပေးကို ရာသီအကုန်အထိ ထိန်းထားနိုင်ရေး အစွမ်းကုန်ကြိုးပမ်းမည်ဟု ဆိုထားသည်။

မကြာသေးမီတုန်းက အင်တာဗျူးတစ်ခုတွင် ဒီပေးက လိုင်ယွန်မှာ မိမိရှိနေစဉ်အတွင်း ပျော်ရွှင်နိုင်ကြောင်းပြောကြားကာ ရာသီအကုန်အထိ ဆက်ရှိရန် မသေချာကြောင်း အရိပ်အမြွက် ပြောကြားခဲ့ဖူးသည်။

ယခုအခါ အူးလက်စ်ကိုယ်တိုင်က “အမ်ဖစ်အပါအဝင် ကျွန်တော်တို့မှာ ကွဲပြားတဲ့ နိုင်ငံက လက်ရွေးစင်ပေါင်းများစွာ ရှိပါတယ်။ မမ်ဖစ်က ခေါင်းဆောင်တစ်ဦး ဖြစ်ပါတယ်။ မက်ဖစ်နဲ့ ကျွန်တော်နဲ့အဆင်မပြေပါဘူး။ ဒါပေမယ့် သူက လိုင်ယွန်ကို လူတိုင်း ဒီကလပ်ကို ဖြစ်စေချင်တဲ့ နေရာသို့ ပို့ပေးနိုင်တဲ့သူလို့ ကျွန်တော် ယုံကြည်ပါတယ်။ သူ့ကို စာချုပ်ကုန်တဲ့အထိ မထိန်းထားထားလို့လည်း မထင်ကြပါနဲ့။ ဘာစီလိုနာသို့ သူ မသွားဘူးလို့ ကျွန်တော်ဘဲ ပထမဆုံး ပြောခဲ့တာပါ။ ဘယ်သူမှ ကျွန်တော့်စကား နားမထောင်ခဲ့ကြပါဘူး။ အားလုံးက သူ ထွက်ခွာမယ်ဘဲ ထင်ကြတယ်။ သူမှမဟုတ်ဘူး။ ဟူဆမ်အူအာ၊ မူဆာဒမ်ဘီလီတို့နဲ့ပတ်သက်ပြီး တော့လည်း ဒီအတိုင်းဘဲ။ အစကတည်းက ပြောထားပြီးသားဘဲ သူတို့ မထွက်ခွာပါဘူးလို့။ ဒီရာသီမှာ အောင်မြင်မှု ရဖို့လိုအပ်နေပါတယ်။ ဒီတော့ သူ ဆက်နေပါလိမ့်မယ်”ဟု ပြောကြားသွားသည်။

လိုင်ယွန်သည် ပြင်သစ်လီဂူး၁ အမှတ်ပေးဇယားအဆင့် ၅ နေရာတွင် ရပ်တည်နေပြီး အဆင့် ၄ နေရာမှ မာဆေးလ်နှင့် တစ်မှတ်သာ ကွာဟနေသည်။ သို့ရာတွင် ၎င်းတို့သည် မာဆေးလ်ထက် တစ်ပွဲပိုကစားထားသည်။

Facebook Comments Box
Facebook Comment