မှတ်ပုံမတင်ရသေးသည့် ဒီအာဝါရာကို သုံးမှုကြောင့် ဗီရိုနာနှင့် ပွဲကို ၃-၀ ဖြင့် အရှုံပေးရမည့် ကိန်းဆိုက်နေသည့် ရိုးမား

ရိုးမားသည် ကစားသမားမှတ်ပုံတင်စည်းမျဉ်းကို ချိုးဖောက်မှုကြောင့် စီးရီးအေ အဖွင့်ပွဲအား ၃-၀ ဖြင့် အရှုံးပေးရမည့် အခြေအနေတွင် ကြုံတွေ့နေရသည်။ ပေါ်လိုဖွန်ဆီကာ၏ရိုးမားသည် စနေနေ့တုန်းက ဗီရိုနာနှင့် ဂိုးမရှိသရေကျခဲ့ သော်လည်း ၃-၀ ရလဒ်သို့ ပြောင်းလဲ နိုင်သည့် အခြေအနေတွင် ရှိနေသည်။

အဆိုပါ ပွဲစဉ်တွင် ရိုးမားသည် ယခုရာသီအတွက် ကစားသမား ၂၅ ဦးစာရင်းတွင် ပါဝင်ခြင်း မရှိသည့် အေမာဒူးဒီအာဝါရာကို အသုံးပြုခဲ့သည်။ ဇူလိုင်လတုန်းက အသက် ၂၃ နှစ်ပြည့်ခဲ့သည့် ဂီနီအလယ်တန်းကစားသမားသည် ရိုးမား ယူ-၂၂ အသင်းစာရင်းတွင်သာ ထည့်သွင်းထားသူဖြစ်သည်။ ထို့ကြောင့် ယူ-၂၂ ကစားသမားကို ၂၅ ဦးစာရင်းတွင် ထည့်တွက်ခြင်း မရှိချေ။

သူသည် ရိုးမားကစားသမား ၂၅ ဦးစာရင်းတွင် ထည့်သွင်းမှတ်ပုံတင်ထားခြင်း မခံရရာ ဗီရိုနာနှင့်ပွဲတွင် ပါဝင်ကစားနိုင်ခြင်း မရှိချေ။ သို့ရာတွင် သူသည် ဗီရိုနာနှင့်ပွဲတွင် ပွဲထွက်ကစားခဲ့ပြီး ပွဲချိန်ပြည့် ကစားခဲ့သည်။

လက်ရှိအချိန်တွင် ရိုးမားသည် စီးရီးအေ၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေသည်။ အကယ်၍ အရေးယူခြင်း ခံရပါကလည်း ရိုးမားအနေဖြင့် အယူခံနိုင်သေးသည်။ အခြားတစ်ဖက်တွင် ရိုးမားသည် အသင်း လူစာရင်း ၂၅ ဦးစာရင်းကို အပြည့် တင်ထားခြင်းမရှိသေးဘဲ လေးဦးအတွက် နေရာလွတ်နေသည်။ ယင်းကြောင့် ရိုးမားမှာ ယင်းအမှားကို တမင်ပြုလုပ်ခြင်းမဟုတ်ဘဲ ရိုးသားစွာ မှားယွင်းမှုတစ်ခုဟု ယူဆရသည်။

Facebook Comments Box
Facebook Comment