မြန်နှုန်းလိုချင်လျှင် အူစိန်ဘို့သ်ကို ခေါ်ယူခဲ့မည်ဟု အန်ဆယ်လော့တီပြောကြား

ကာလိုအန်ဆယ်လော့တီက အဲဗာတန်ကစားသမားသစ် ဂျိမ်းစ်ရိုဒရီဂွက်ဇ်အား မြန်နှုန်းနှင့် ကြံ့ခိုင်မှုအားနည်းကြောင့် ပြောဆိုနေမှုအပေါ် မစိုးရိမ်ကြောင်း ပြောကြားလိုက်သည်။ အီတလီနည်းပြက ၎င်းအနေဖြင့် မြန်နှုန်းသာလိုချင်လျှင် ဂျိမ်းစ်ရိုဒရီဂွက်ဇ်အား မခေါ်ယူဘဲ အိုလံပစ်ချန်ပီယံအူစိန်ဘို့သ်ကို ခေါ်ယူမည်ဖြစ် ကြောင်း ပြောကြားလိုက်သည်။

ကိုလံဘီယာစတားသည် တနင်္ဂနွေနေ့တုန်းက စပါးစ်ကို ၁-၀ ဖြင့် အနိုင်ရရှိသည့်ပွဲ တွင် အဲဗာတန်အတွက် ပထမဆုံးပွဲကို ကစားခဲ့ပြီး စပါးစ်ကို အကြိမ်ကြိမ် ခြိမ်းခြောက်မှု ပြုလုပ်နိုင်ခဲ့ကာ ခြေစွမ်းပြနိုင်ခဲ့သည်။

အန်ဆယ်လော့တီက “ဒီကစားသမားတွေက အံဝင်ဖို့အချိန်မလိုဘူး။ ဂျိမ်းစ်က သူ ဘာလုပ်ရမလဲ သူသိတယ်။ အယ်လန်၊ ဒွန်ကော်ရီတို့လည်း ဒီအတိုင်းပဲ။ အရည်အသွေးပိုင်းကို ပြောတာ။ ကွင်းလယ်ချိတ်ဆက်မှု အရမ်းကောင်းခဲ့တယ်။ ပြီးခဲ့တဲ့ရာသီတုန်းက ဘောလုံးကောင်းကောင်းကစားနိုင်တဲ့အလယ်တန်းတွေ ရှိတယ်။ ဒါပေမယ့် ဘောလုံးမရှိတဲ့အချိန်မှာလည်း ကစားတတ်ဖို့ လိုတယ်။ ဂျိမ်းစ်က ကမ္ဘာ့အမြန်ဆုံးကစားသမားမဟုတ်ပါဘူး။ ဒါပေမယ့် သူ့အရည်အသွေးတွေ များကြီး ရှိပါတယ်။ သူ့အရည်သွေးကို ပြဖို့အတွက်ပဲ သုံးပါမယ်။ သူက တောင်ပံကစားသမားမဟုတ်ပါဘူး။ သူက အတွင်းသို့ ဝင်ပြီး ဘောလုံးလက်ခံကစားနိုင်တယ်။ သူကအရမ်းအန္တရာယ်ရှိသူပါ။ သူ့ကြံ့ခိုင်မှုပိုင်း အပေါ်မစိုးရိမ်ပါဘူး။ ဒါနဲ့ပတ်သက်ပြီး စိုးရိမ်ရင် ဂျိမ်းစ်ကို မခေါ်ဘဲ ဟူစိန်ဘို့သ်ကိုဘဲ ခေါ်ယူခဲ့မှာပေါ့”ဟု ပြောကြားသွားခဲ့သည်။

ယင်းပွဲတွင် ယခုနွေရာသီတွင် နာပိုလီမှ ရောက်လာသည့် ဘရာဇီးလက်ရွေးစင်ကွင်းလယ်အဖျက်ကစားသမားအယ်လန်သည် စပါးစ်ကစားသမားများခြေထောက်ထဲမှ ဘောလုံးကို ၈ ကြိမ်အထိ ရယူတားဆီးနိုင်ခဲ့သည်။

Facebook Comments Box
Facebook Comment