မျက်မှန်မပါလို့ ချီရယ်လီနီကို မတော်တဆအရန်ခုံသို့ ပို့ခဲ့မိတဲ့ မန်စီနီ

အီတလီနည်းပြရောဘတ်တိုမန်စီနီက ဘော့စနီယား-ဟာဇီဂိုဗီးနားနှင့်ပွဲတွင်ဝါရင့်နောက်ခံလူဂျော့ဂျီယိုချီရယ်လီနီအား မတော်တဆ မှားယွင်းကာ အရန်စာရင်းတွင် ထည့်သွင်းခဲ့မိကြောင်း ဝန်ခံပြောကြားလိုက်သည်။ အီတလီအသင်းခေါင်းဆောင်သည် ဘော့စနီးယားနှင့်ပွဲတွင် ပွဲထွက်လာလိမ့်မည်ဟု အားလုံးက ယုံကြည်ခဲ့ကြသော်လည်း တကယ်တမ်းတွင် လာဇီယို၏ဖရန်ဆစ္စကိုအစာဘီက ပွဲထွက်ခဲ့သည်။ အစာဘီသည် အီတလီအတွက် ၇ ပွဲမြောက်ပွဲကို ကစားခွင့်ရခဲ့ခြင်းလည်း ဖြစ်သည်။

ယခုအခါ အသက် ၅၅ နှစ်ရှိ အီတလီနည်းပြမန်စီနီက လာမည့် တနင်္လာနေ့တွင် နယ်သာလန်နှင့်ပွဲတွင် ရင်ဆိုင်ကစားရမည့်ပွဲတွင် ချီရယ်လီနီမှာ ပွဲထွက်လာမှာ ဖြစ်ကြောင်း အတည်ပြုလာပြီ ဖြစ်သည်။

မန်စီနီက “ကျွန်တော့်အမှားဖြစ်ပါတယ်။ လူစာရင်းကို သူတို့လာပြတော့ ကျွန်တော့်မှာ မျက်မှန်မရှိဘူး။ အဆင်ပြေတယ်လို့ ပြောလိုက်မိတယ်။ ချီရယ်လီနီနေရာမှာအစာဘီကိုထည့်သွင်းထားတာမသိဘူး။ အစတုန်းက ကျွန်တော်တို့က အစာဘီကို တစ်ပွဲသုံးမယ်၊ ချီရယ်လီနီကို တစ်ပွဲသုံးမယ်လို့ စီစဉ်ထားတာပါ။ ချီရယ်လီနီကို ဒီနေ့ပွဲ(ဘော့စနီးယား)ကစားမလား၊ တနင်္လာနေ့ ဟော်လန်နဲ့ပွဲကစားမလားဆိုတော့သူက ဒီနေ့ပွဲကစားမယ်လို့ ပြောထားပါတယ်။ ဒါပေမယ့် အခုတော့ ပြန်ပြောင်းလိုက်ပါပြီ။ နောက်ခံလူမရွေးဘဲ ဂိုးသမားရွေးထည့်လိုက် တာတော့မဟုတ်ပါဘူး။ကြီးမားတဲ့ကွဲပြားမှုမရှိပေမယ့်အမှားဖြစ်ခဲ့တာကိုတော့ ဝန်ခံပါတယ်”ဟု ပြောကြားခဲ့သည်။

ဘော့စနီးယားသည် ပွဲချိန် ၅၇ မိနစ်တွင် အေဒင်ဒီဇီကို၏ဂိုးဖြင့် ပွဲကို ဦးဆောင်နိုင်ခဲ့သော်လည်း ဆန်စီက ပွဲချိန် ၆၇ မိနစ်မှာ အီတလီအတွက် ပြန်လည်ချေပခဲ့ကာ တစ်ဂိုးစီသရေကျခဲ့သည်။

ဘော့စနီးယားနှင့်သရေကျမှုနှင့်အတူ အီတလီ၏ ၁၁ပွဲဆက် အနိုင်ရရှိမှုမှာလည်း ရပ်တန့်သွားခဲ့ပြီ ဖြစ်သည်။

Facebook Comments Box
Facebook Comment