မျက်ကပ်မှန်ပျောက်သွား၍ ပီအက်စ်ဂျီပွဲ ပထမပိုင်းကို မျက်လုံးတစ်ဖက်တည်းအမြင်ဖြင့် ကစားခဲ့ရသည့် မက်တိုမီနေး

မန်ချက်စတာယူနိုက်တက်နည်းပြဆိုးလ်ရှားက စကော့မက်တိုမီနေးသည် ပီအက်စ်ဂျီနှင့်ပွဲ ပထမပိုင်း၌ မျက်လုံးတစ်ဖက်တည်းအမြင်ဖြင့် ကစားခဲ့ရကြောင်း ပြောကြားလိုက်သည်။ စကော့တလန်ကွင်းလယ်ကစားသမားသည် ပဲရစ်ပွဲစဉ်တွင် အကောင်းဆုံးခြေစွမ်းပြ ကစားနိုင်ခဲ့သူ ဖြစ်ပြီး ကစားဖော်ဟောင်း အင်ဒါဟာရီရာ၊ အဲဗာတန်ကစားသမားဟောင်းဂူယီတို့ကို အသာစီးရယူနိုင်ခဲ့သည်။

အသက် ၂၃ နှစ်ရှိ မက်တိုမီနေးသည် ပီအက်စ်ဂျီပွဲ၏ ပထမပိုင်းတွင် မျက်ကပ်မှန် ပျောက်ဆုံးသွားမှုကြောင့် မျက်လုံးတစ်ဖက်တည်းအမြင်ဖြင့်သာ ကစားခဲ့ရသည်။

ဆိုးလ်ရှားက “စကော့(မက်တိုမီနေး)ဟာ မျက်ကပ်မှန်တစ်ဖက်တည်းနဲ့ကစား ခဲ့ရတာတောင် ထိပ်တန်းခြေစွမ်းနဲ့ကစားနိုင်ခဲ့ပါတယ်”ဟု ပြောကြားခဲ့သည်။

အဆိုပါပွဲစဉ်တွင် ပီအက်စ်ဂျီသည် ကွင်းလယ်ကစားသမားဂူယီကို လူစားလဲလှယ်ခံရသည်ကို ကြည့်လျှင် ယူနိုက်တက်၏ ကွင်းလယ်ကစားသမားပုံ မည်မျှကောင်းသည်ဆိုသည်ကို မြင်တွေ့နိုင်သည်။

ယူနိုက်တက်သည် ဘရူနိုဖာနန်ဒက်စ်၏ ပင်နယ်တီဂိုးဖြင့် ပွဲကို ဦးဆောင်ကစားနိုင်ခဲ့သည်။ ဖာနန်ဒက်စ်သည် ပင်နယ်တီ ကန်ခဲ့ရာတွင် မဝင်သော်လည်း ဒိုင်လူကြီးက ဂိုးသမားနာဗက်စ်မှာ ဂိုးစည်း ရှေ့သို့ ရောက်နေသည်ဟု ဆိုကာ ပြန်ကန်ခိုင်းခဲ့ပြီး ဒုတိယအကြိမ်ကန်ရာတွင်မူ အမှားအယွင်းမရှိ ကန်သွင်းနိုင်ခဲ့သည်။ ပွဲချိန် ၅၅ မိနစ်တွင် မာရှယ်က ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့သော်လည်း ပွဲပြီးခါနီးတွင် ရပ်ရှ်ဖို့ဒ်က ယူနိုက်တက်အတွက် အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့သည်။

Facebook Comments Box
Facebook Comment