
မော်ဒန်ခေတ် နည်းပြတစ်ယောက်မှာ အဓိက လိုအပ်တဲ့အရာ
မောင်ဖိုးကွန့်
ပြီးခဲ့တဲ့တစ်ပတ် EPL မှာ မန်စီးတီး – လီဗာပူး ပွဲလေးကို ကြည့်ဖြစ်ရင်း ဒီအတွေး ပေါ်ခဲ့တာဖြစ်တယ်လို့ ပထမဆုံး ဝန်ခံရမှာပဲ ဖြစ်ပါတယ်။
အဲဒီပွဲကို ကျွန်တော်တင်မဟုတ်ဘူး ဘောလုံးပွဲ ကြည့်ရတာကို ဝါသနာပါတဲ့ ပရိသတ်တွေ အများစုက လက်လွတ်မခံဘဲ ကြည့်ဖြစ်ခဲ့မှာ ဖြစ်တယ်ဆိုတာ ယုံကြည်ပါတယ်။
ဒါကြောင့် ကျွန်တော် ဒီပွဲနဲ့ပတ်သက်တဲ့ အကြောင်းအရာကို မပြောဘဲ ကျွန်တော်ပြောချင်တဲ့ အကြောင်းအရာကိုပဲ တိုက်ရိုက်တင်ပြသွားပါမယ်။
အဲဒီအကြောင်းအရာကတော့ လက်ရှိချန်ပီယံ လီဗာပူးအသင်းရဲ့ Style of Play ပြောင်းလဲလာမှုပါပဲ။
ပိုပြီး နားလည်လွယ်အောင် ပြောရမယ်ဆိုရင် ကစားကွက်နဲ့ နည်းဗျူဟာအပြောင်းအလဲ ဖြစ်လာတဲ့ အခြေအနေဖြစ်ပါတယ်။
ကစားကွက်နဲ့ နည်းဗျူဟာ အပြောင်းအလဲလို့ ပြောရင် အရင်က လီဗာပူးကစားနေတဲ့ ကစားကွက်နဲ့ နည်းဗျူဟာကို နည်းနည်းလောက် တီးမိခေါက်မိဖို့ လိုအပ်လို့ နည်းနည်းတော့ ပြန်ရှင်းဖို့ လိုပါလိမ့်မယ်။

လီဗာပူးနည်းပြ ကလော့ပ်က သူလိုချင်တဲ့ ကစားပုံရဖို့ အသင်းကစားသမားတွေနဲ့ လိုအပ်တဲ့ ကစားသမားတွေကို အနည်းဆုံး (၂)နှစ်၊ (၃)နှစ်လောက် အချိန်ယူတည်ဆောက်ခဲ့ရပြီး ပြီးခဲ့တဲ့ ဘောလုံးရာသီမှာမှ အချောသတ် အကောင်အထည် ပေါ်လာခဲ့တာဖြစ်ပါတယ်။
အဓိက ကလော့ပ် တည်ဆောက်ခဲ့တဲ့ပုံစံက Off the Ball အခြေအနေမှာ ပုံမှန်ဖြစ်ပေမယ့် ဘောလုံးပိုင်ဆိုင်မှုရပြီး သူ့ Attacking စနစ်ကို တည်ဆောက်တဲ့အချိန်မှာ ပုံစံပြောင်းလဲသွားတာကို တွေ့ရမှာပါ။
အဓိက တိုက်စစ်လမ်းကြောင်းမှာ အဆုံးသတ် ဖန်တီးမှုတွေကို များသောအားဖြင့် လုပ်ရတာက Midfield ကစားသမားတွေမဟုတ်ဘဲ Full Back လို့ခေါ်တဲ့ ခံစစ်အစွန်ကစားသမားတွေက Overlap တွေနဲ့ တိုက်စစ်ဇုန်(Third Zone) အထိလိုက်ပါပြီး အဆုံးသတ် ဖန်တီးမှုတွေကို လုပ်ဆောင်ကြပါတယ်။
အဲဒီအခြေအနေမှာ ကွင်းလယ်ကစားသမားတွေကတော့ Third Zone အထိ မလိုက်ဘဲ ကိုယ့်ရဲ့ခံစစ်မှာ (၂)ယောက်တည်းကျန်ခဲ့တဲ့ Centre Back (ခံစစ်အတွင်းလူ)နှစ်ယောက် (ဗန်ဒိုက်နဲ့ ဂိုမက်ဇ်) ကို Covering လုပ်ဖို့ အနည်းဆုံး ၁ ယောက်က ကျန်နေခဲ့ရပါတယ်။
များသောအားဖြင့် ဟန်ဒါဆင်က ဒီတာဝန်ကိုယူရပြီး ဝိုင်နယ်ဒမ်ကတော့ အဲဒီအချိန်မှာ ခံစစ်ထက် တိုက်စစ်မှာ Full Back နဲ့ တိုက်စစ်က ၃ ယောက်ကို ချိတ်ပေးရတဲ့တာဝန်မှာ လိုတဲ့ကွက်လပ်တွေ ဝင်ဖြည့်ရပါတယ်။
ထားပါတော့ အဓိကပြောချင်တာက ကလော့ပ်တည်ထားတဲ့ နည်းဗျူဟာမှာ Full Back တွေရဲ့ duties function တွေက ခံစစ်သမား ဆိုတာထက်ပိုပြီး ကွင်းလယ်ကစားသမားတစ်ယောက်လို ဖြစ်နေတာကို ဆိုလိုချင်တာ ဖြစ်ပါတယ်။
ဒါကြောင့်လည်း ဘောလုံးနည်းစနစ် သုံးသပ်သူတွေက Fullback Playmaker ဆိုတဲ့ အသုံးအနှုန်းကို တွင်တွင်ကျယ်ကျယ် သုံးလာကြသလို ကလော့ပ်ရဲ့အသင်းက Full Back တွေဖြစ်တဲ့ အာနိုးနဲ့ ရောဘတ်ဆင်တို့ရဲ့ အခန်းကဏ္ဍကလည်း အရမ်းကို အရေးပါလာတယ်ဆိုတာ အားလုံးမျက်မြင် ဖြစ်ပါလိမ့်မယ်။
ကလော့ပ်အနေနဲ့ ဒီနှစ်ဘောလုံးရာသီမှာ ချန်ပီယံသရဖူကို ဆက်ထိန်းနိုင်ဖို့ မဟာဗျူဟာ ချတဲ့နေရာမှာ ဒီနည်းစနစ်ကိုပဲ ဆက်အသုံးပြုသွားဖို့ ကြံစည်ခဲ့တယ်ဆိုတာ သူ ကစားသမား ခေါ်ယူခဲ့မှုတွေကို ကြည့်ရင် ထင်ထင်ရှားရှား မြင်တွေ့နိုင်ပါတယ်။
သူခေါ်ခဲ့တဲ့ ကစားသမားတွေထဲမှာ မနှစ်က တိုက်စစ်(၃)ယောက် ပုံမှန်နေရာရနေတဲ့ ဖာမီနို၊ ဆာလက်၊ မာနေးတို့နေရာမှာ ဘယ်သူ မပါနိုင်ရင်ဖြစ်ဖြစ် အစားဝင်ကစားနိုင်တဲ့ ဂျိုတာ၊ ကွင်းလယ်က ဝိုင်နယ်ဒမ် အသင်းပြောင်းသွားရင် ချက်ချင်းအစားထိုးနိုင်တဲ့ သီယာဂိုနဲ့ ဗဟိုခံစစ်မှာ သုံးလို့ရတဲ့ ဆီမီကတ်စ်ပဲ ခေါ်ခဲ့တာဖြစ်ပြီး သူ့ရဲ့ စပါယ်ရှယ် Full Back တွေအတွက် Plan B တောင် မချထားခဲ့ပါဘူး။
ဒါပေမဲ့ ရာသီစပြီး တစ်လအကြာမှာ သူ့ Plan တစ်ခုလုံး ရေစုန်မျောရတော့မယ့် အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဗီလာကို (၇-၂)နဲ့ ရှုံးလိုက်တဲ့ ခံစစ်အခြေအနေရယ်၊ နောက်တစ်ပွဲမှာ အသင်းခေါင်းဆောင် ဗန်ဒိုက် တစ်ရာသီလုံး နားရလောက်တဲ့ ဒဏ်ရာရသွားတဲ့ အခြေအနေရယ် ဖြစ်ပါတယ်။

အထူးသဖြင့် ဗန်ဒိုက်နာသွားတဲ့အချိန်မှာ ကျွန်တော်စဉ်းစားမိတာတော့ ‘ကလော့ပ်တိုင်ပတ်ပြီ’ ဆိုတဲ့ အတွေးဖြစ်ပါတယ်။
ခံစစ်မှာ အမှားများလွန်းတဲ့ ဂိုမက်ဇ်၊ မာတစ်နဲ့ ကစားသမားသစ် ဆီမီကတ်စ် (၃)ယောက်က ကလော့ပ် မူလကတည်ထားတဲ့ ကစားကွက်မှာ ဗန်ဒိုက်ယူထားတဲ့ တာဝန်တွေကိုကျေအောင် တစ်ယောက်မှ မစွမ်းလှပါဘူး။
ဒီတော့ Full Back တွေအနေနဲ့ Attacking လုပ်တဲ့အချိန်မှာ တိုက်စစ်ကို လိုက်ပြီး ခံစစ်ကို လှည့်မကြည့်ဘဲထားရင် ဗီလာကို (၇-၂)နဲ့ရှုံးတဲ့ ခံစစ်ပုံစံက ပွဲတိုင်းကြုံရဖို့ ရှိနေလို့ပါ။
အဲဒီနောက်ပိုင်းမှာ လီဗာပူးရဲ့ကစားပုံက ထူးခြားတဲ့ တိုက်စစ်ခံစစ် ပုံစံမရှိဘဲ သာမာန်အသင်းတစ်သင်းအနေနဲ့ ကစားပုံ (၂)ပွဲ၊ (၃)ပွဲလောက် ပြန်ဖြစ်သွားခဲ့တာကို တွေ့ရပါတယ်။
ဒီလို တစ်ရာသီလုံးသွားဖို့ ရည်ရွယ်ထားတဲ့ ကစားပုံက ပြိုလဲသွားပြီး ကျဉ်းထဲကျပ်ထဲ ရောက်နေခဲ့တဲ့ ကလော့ပ်အတွက် မျှော်လင့်ချက်တစ်ခု ပေါ်ထွက်လာခဲ့ပါတယ်။ အဲဒါကတော့ ဂျိုတာပါပဲ။
ချန်ပီယံလိဂ် အုပ်စုတတိယပွဲမှာ ပွဲထွက်သုံးခဲ့တဲ့ ဂျိုတာဟာ မျှော်လင့်ထားတာထက် ပိုတောက်ပပြီး ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
သူ့ကို တာဝန်ပေးထားတဲ့ ဖာမီနိုရဲ့ Duties တွေတင်မကဘဲ မာနေးနဲ့ ဆာလက်တို့ရဲ့ Duties တွေကိုပါ အနောက်က လိုက်ဖြည့်ပေးနိုင်သလို အဆုံးသတ်ဖို့ နေရာယူတဲ့ အပိုင်းမှာလည်း ဖာမီနိုထက်ပိုကောင်းတဲ့ False 9 ကစားပုံကို ပြနိုင်ခဲ့ပါတယ်။
ကျွန်တော် အဲဒီပွဲကြည့်လိုက်ပြီးတဲ့နောက်မှာ ဂျိုတာက တိုက်စစ်(၃)ယောက်အတွက် ဘယ်နေရာဖြစ်ဖြစ် Super Sub အနေနဲ့ သုံးလို့အဆင်ပြေသွားပြီလို့ တွက်ဆခဲ့တာပါ။ ဒါပေမဲ့. . . .
ယာဂန်ကလော့ပ်က ဂျိုတာရဲ့အရည်အသွေးကို ကြည့်ပြီး ကျွန်တော်မျှော်လင့်တာထက် ပိုထိရောက်အောင် အသုံးချဖို့ ပြင်ဆင်မှုကို မန်စီးတီးနဲ့ပွဲမှာ ခင်းကျင်းလာခဲ့ပါတော့တယ်။

တိုက်စစ်မှာ ဆာလက်၊ မာနေး၊ ဖာမီနိုတို့အပြင် ဂျိုတာကိုပါ တွဲဖက်ပွဲထုတ်လာပြီး ဖာမီနိုနဲ့ ဂျိုတာကို ချိတ်ကစားတဲ့ ပုံစံသစ်တစ်ခု ထပ်ဖန်တီးလိုက်ပါတယ်။
ဒီပုံစံက မန်စီးတီးနဲ့ ပွဲမှာ အရမ်း အလုပ်ဖြစ်ခဲ့တယ်လို့ မဆိုနိုင်ပါဘူး။ ဂျိုတာနဲ့ ဖာမီနိုတို့ချိတ်ဆက်မှုမှာ အားနည်းချက်တွေ ရှိနေသလို ကစားပုံထပ်နေတဲ့ အခြေအနေတွေလည်း တွေ့ခဲ့ရပါတယ်။
ဒါပေမဲ့ ဒီအခြေအနေမှာ တွဲဖက်ပုံမိသွားပြီး ကလော့ပ်တွေးသလို အံဝင်လာခဲ့ရင် ဆိုတာကို တွေးကြည့်တဲ့အခါမှာ လီဗာပူးရဲ့တိုက်စစ်က ဂိုးရဖို့ သွားတဲ့လမ်းကြောင်းက ပိုပြီး အားကောင်းသွားမှာ ဖြစ်သလို ခံစစ်က Full Back တွေဖြစ်တဲ့ အာနိုးနဲ့ ရောဘတ်ဆင်ကလည်း အရင်ကလောက် Attacking ကို လိုက်ပါစရာမလိုဘဲ ခံစစ်ပိုင်းမှာ အတော်အတန် အထောက်အကူဖြစ်ပြီး အဆင်ပြေသွားဖို့ ရှိနေတာတွေ့ရပါတယ်။
နောက်ပြီး ကလော့ပ်ရဲ့တိုက်စစ်လမ်းကြောင်းမှာ ဂျိုတာက ဂျိုကာလိုဖြစ်လာပြီး ပြိုင်ဘက်ခံစစ် အားအနည်းဆုံးနေရာကို ဖောက်တဲ့နေရာမှာ မာနေး(သို့) ဆာလက်နဲ့တွဲပြီး မွှေနှောက်နိုင်တဲ့ ပုံစံမျိုးလည်း ဖြစ်လာနိုင်ပါတယ်။
အားလုံးကို ပြန်ချုပ်ပြောရမယ်ဆိုရင် လီဗာပူးအနေနဲ့ ချန်ပီယံကာကွယ်ဖို့ သွားတဲ့လမ်းကြောင်းက နည်းပြကလော့ပ် သွားချင်တဲ့ပုံစံ သွားလို့မရတဲ့အခြေအနေနဲ့ ကြုံတဲ့အခါ ကလော့ပ်အနေနဲ့ ဒါကို လက်ခံနားလည်ပြီး ရှိတဲ့အထဲက အကောင်းဆုံးပုံစံရအောင် ကြံရည်ဖန်ရည် ကောင်းကောင်းနဲ့ အသင်းရဲ့ shape ကို ပြောင်းလဲခဲ့တာကို ပြောချင်တာဖြစ်ပါတယ်။
လက်ရှိအချိန် EPL အသင်းတော်တော်များများက အဲဒီလိုအခြေအနေမျိုး ကြုံတဲ့အချိန်မှာ ဒါမျိုးအပြောင်းအလဲလုပ်တာမျိုး မစဉ်းစားဘဲ သူတို့ရဲ့ မူလတည်ထားတဲ့ပုံစံမှာ ပုံစံမဝင်တဲ့ ကစားသမားတွေကို အတင်းရိုက်သွင်းရင်း အားနည်းချက်တွေ တဖြည်းဖြည်း ပိုများပြီး နောက်ဆုံး ပြိုလဲရတဲ့အထိ ကြုံနေတာတွေကို မြင်နေတွေ့နေရပါတယ်။
အသင်းတစ်သင်းရဲ့ အခြေခံပုံစံနဲ့ အယူအဆ အလုံးစုံကို ပြောင်းလဲတာက မလွယ်ကူတာ အမှန်ပါပဲ။
ဒါပေမဲ့ ဒီလိုအခက်အခဲ အကျပ်အတည်းမျိုးကြုံလာရင် ပိုကောင်းတဲ့ အစီအမံကို အတွေးအခေါ်ကောင်းကောင်းနဲ့ စီမံပြီး အမြန်ဆုံး ပြောင်းလဲနိုင်မှုက မော်ဒန်ဘောလုံးလောကမှာ အောင်မြင်မှုဆီကို ဦးတည်နေတယ်ဆိုတာကို ကလော့ပ်နဲ့ လီဗာပူးလ်က ပြနိုင်လိမ့်မယ်လို့ ယူဆမိလို့ တင်ပြခြင်းဖြစ်ပါတယ် . . .