မိုဗစ်ကို ၄၁ နှစ်အထိ ကစားနိုင်မည့် သက်တမ်းတိုးစာချုပ် ချုပ်ဆိုမည့် အေစီမီလန်

အေစီမီလန် အသင်းသည် ယခုရာသီတွင် ခြေစွမ်းပြ ကစားနေသည့် ဆွီဒင် ဝါရင့်တိုက်စစ်မှူးကြီး ဇလာတန် အီဘရာဟီမိုဗစ်ကို ၂၀၂၂ ခုနှစ်အထိ သက်တမ်းတိုးရန် ပြင်ဆင်နေကြောင်း အီတလီ မီဒီယာများက ဖော်ပြသည်။

အသက် ၃၉ နှစ်အရွယ် မိုဗစ်သည် လွန်ခဲ့သည့် စက်တင်ဘာလကမှ မီလန်အခြေစိုက် ကလပ်နှင့် ၁ နှစ်စာချုပ်ထားပြီး အင်တာမီလန်ကို ၂-၁ ဂိုးဖြင့် အနိုင်ရခဲ့သော မီလန်ဒါဘီပွဲ မတိုင်မီ အေစီမီလန် အားကစားဒါရိုက်တာ ပေါ်လိုမာလ်ဒီနီက ဂျူဗင်တပ်စ်၊ အင်တာမီလန်၊ ဘာစီလိုနာ၊ ပီအက်စ်ဂျီ၊ မန်ယူနိုက်တက် ကစားဟောင်းကို ထပ်မံသက်တမ်းတိုး ရန် ဆွေးနွေးသွားမည်ဟု ပြောကြားဖူးသည်။

အဆိုပါ မီလန်ဒါဘီပွဲတွင် မိုဗစ်က အေစီမီလန်အတွက် ၂ ဂိုးစလုံး သွင်းယူပေးခဲ့ပြီး ယခုရာသီ စီးရီးအေ ၂ ပွဲကစားကာ ၄ ဂိုးအထိ သွင်းယူထားသည်။

အကယ်၍ အေစီမီလန်အနေဖြင့် မိုဗစ်ကိုသာ မျှော်မှန်းထားသည့်အတိုင်း သက်တမ်းတိုးနိုင်ပါက ၎င်းသည် အသက် ၄၁ နှစ်အထိ ဘောလုံးဆက်ကစားမည့် အနေအထား ဖြစ်နေသည်။

ဆွီဒင်အသင်းမှ ၂၀၁၆ ခုနှစ်တွင် အနားမယူမီ နိုင်ငံအသင်းအ တွက် ၆၂ ဂိုး သွင်းယူထားသော မိုဗစ်သည် စက်တင်ဘာ နောက်ဆုံးအပတ်က COVID-19 ကူးစက်ခံခဲ့ရသော်လည်း ဗိုင်းရပ်စ်ပိုး ကင်းစင်ပြီး နောက် ပထမဆုံး စကစားသည့် မီလန်ဒါဘီပွဲမှာပင် ၂ ဂိုးသွင်းယူနိုင်ခဲ့သည်။

အေစီမီလန်သည် အသက်အရွယ်နှင့် မလိုက်အောင် ခြေစွမ်းပြကစားနေသော မိုဗစ်အပြင် စာချုပ် နောက်ဆုံးနှစ်ထဲသို့ ရောက်ရှိနေသည့် ဂိုးသမား ဒွန်နာရမ်မာကိုပါ သက်တမ်းတိုးနိုင်ရန် ကြိုးစားနေသည်။

မိုဗစ်နှင့် ဒွန်နာရမ်မာတို့၏ အပြောင်းအရွှေ့ကို ကိုင်တွယ်နေသူက အီတလီလူမျိုး ရွိုင်အိုလာဖြစ်ပြီး အေစီမီလန်အနေဖြင့် မိုဗစ်ကို သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်ပါက ၂၁ နှစ်အရွယ်အီတလီဂိုးသမားကိုပါ သက်တမ်းတိုးနိုင်ဖွယ် ရှိနေသည်။

မိုဗစ်နှင့် ဒွန်နာရမ်မာတို့သည် ယနေ့ည ဆဲလ်တစ်နှင့်ကစားမည့် ယူရိုပါလိဂ် အဝေးကွင်းပွဲတွင် အေစီမီလန်အတွက် ပါဝင်ကစားသွားဖွယ် ရှိနေသည်။

Ref:football-italia

Facebook Comments Box
Facebook Comment