မိုင်ယာမီမှာ ပျော်ပါလီယို

ဇွန်လပထမပတ်ရဲ့
နောက်ဆုံးနေ့မှာ ခေါင်းကြီး
သတင်းတပုဒ် ထွက်ပေါ်လာတယ်။
အားကစားလောကအတွက်ပေါ့။
သည်းခြေကြိုက် ဘောလုံး
အားကစားနည်းက
ထွက်ပေါ်လာတာ။

ဒီမတိုင်မီ ဘန်ဇီးမား
အယ်အစ်တီဟတ်ဆီ ပြောင်းတဲ့
သတင်းက ထိပ်ဆုံးက။
နောက်တော့ ကန်တီလည်း
ပြင်သစ်သားရဲ့ ခြေရာအတိုင်း
တထပ်တည်းလိုက်တဲ့သတင်း။
ဒါပေမဲ့ ဒီသတင်းတွေကို
ဖုံးလွှမ်းသွားတဲ့ သတင်းက
ဇွန် ၇ ရက် ညပိုင်းမှာ
တက်လာတယ်။

မက်ဆီ အင်တာမိုင်ယာမီကို
ရွေးချယ်လိုက်တဲ့သတင်း။
ဆိုရှယ်ပလက်ဖောင်းမျိုးစုံကို
ဖွင့်ကြည့်လိုက်ရင် အာဂျင်တီးနား
ကပ္ပတိန်ရဲ့ သတင်းကို
ထိပ်ဆုံးက တွေ့ရလိမ့်မယ်။
နာမည်ကြီး သတင်းဌာနတွေကလည်း
သူ့သတင်းကိုပဲ ဟိုက်လိုက်လုပ်
ဖော်ပြနေကြတယ်။

ပီအက်စ်ဂျီကနေ ထွက်ခွာမယ်လို့
တရားဝင်ကြေညာပြီးတဲ့နောက်
မက်ဆီကို ဆော်ဒီက တနှစ်လစာ
ယူရိုသန်း ၄၀၀ နဲ့ ကမ်းလှမ်းခဲ့တယ်။
ဒါက အယ်နာဆာတိုက်စစ်မှူး
ရော်နယ်ဒိုရဲ့ လစာထက်တောင်
ပိုများတဲ့ ပမာဏ။ အသင်းဟောင်း
ဘာစီလိုနာကလည်း သူ့ကို
ပြန်ခေါ်မယ်လို့ သတင်းတွေ
ဆက်တိုက်ထုတ်လွှင့်နေခဲ့တာပေါ့။

အင်တာမိုင်ယာမီကတော့
ဒီနှစ်သင်းရဲ့ ခပ်လှမ်းလှမ်းနေသာ
လိုက်နေရတဲ့သဘော။ ဒါပေမဲ့
ကစားသမားကိုယ်တိုင်က
ငွေမျက်နှာတခုတည်း မကြည့်ဘဲ
စိတ်ချမ်းသာမှုကို ရွေးချယ်လိုက်တဲ့
သဘော။ ဘာကာနဲ့အတူ
မရဖူးတဲ့ ဖလား မရှိခဲ့တဲ့ လီယိုဟာ
ပါရီကိုရောက်လာတော့ ဘာတွေ
ဖြစ်ခဲ့သလဲဆိုတာ အားလုံးအသိ။

ကိုယ့်ပရိသတ်တွေရဲ့ အော်ဟစ်
လှောင်ပြောင်ခံရတာလောက်
ရင်နာစရာကောင်းတဲ့ဖြစ်ရပ်က
ဘယ်ကစားသမားမဆို နာကျင်ရတာပဲ။
ကိုယ်က ကိုယ်စွမ်းဉာဏ်စွမ်း
ရှိသမျှ အစွမ်းကုန်ပေးဆပ်ခဲ့ပေမယ့်
ပြန်ရလိုက်တာက ဘူး ဆိုတဲ့
အော်ဟစ်သံတွေ။ တကယ်တော့
မက်ဆီရဲ့ဘဝက အားလုံး
ပြည့်စုံပြီးသားပါ။

လိုအပ်နေတာက
စိတ်ချမ်းချမ်းသာသာနဲ့
ကစားသမားဘဝ
နေဝင်ချိန်ကို ဖြတ်သန်းနိုင်ဖို့ပဲ။
သက်သောင့်သက်သာဖြစ်ချင်လို့
ရွေးချယ်လိုက်တာလို့တော့
လာမပြောနဲ့။ သူ့ရဲ့
သမိုင်းကြောင်းကို ပြန်လှန်ရင်
ခက်ခက်ခဲခဲ အနေအထားတွေကနေပဲ
အောင်မြင်မှုတွေကို ရယူနိုင်တာ
တွေ့ရလိမ့်မယ်။

အမေရိကန်မှာလည်း
သူ့အတွက် လစာသာ
နည်းသွားမယ်။ ခံစားခွင့်တွေက
အများကြီး။ ပြိုင်ပွဲစပွန်ဆာ
Apple ရဲ့ အမြတ်ငွေထဲကနေ
ရာခိုင်နှုန်းအချို့ရမယ်။ Adidas
နဲ့လည်း အလားတူပဲ။
နောက်ပြီး အင်တာမိုင်ယာမီရဲ့
ရှယ်ယာအချို့လည်း ရဦးမယ်။

လူတိုင်း ကိုယ်ကြိုက်တာလုပ်ခွင့်၊
ရွေးချယ်ပိုင်ခွင့်ရှိတယ်။ ဒါကြောင့်
ဖိအားသိပ်မများတဲ့ မေဂျာလိဂ်ကို
ရွေးချယ်လိုက်တဲ့ မက်ဆီရဲ့
လုပ်ပိုင်ခွင့်ကို စောဒက
တက်နေစရာ မလိုပါဘူး။
ကျန်တဲ့ ကစားသမားတွေတောင်
ကိုယ်လျှောက်ချင်တဲ့ လမ်းကို
စိတ်ကြိုက်ဖောက်နေကြတာပဲ
မဟုတ်ပါလား…

Facebook Comments Box
Facebook Comment